News

POST TYPE

EDITOR PICK POST

ရန်ကုန်တိုင်းအစိုးရထံမှ ကျောင်းကားအစီး ၂၀၀ ဝယ်ယူရန် ကမ်းလှမ်းဟု ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ပြောကြား
08-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၇

ရန်ကုန်တိုင် အစိုးရအဖွဲ့လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းသို့ ကျောင်းကားအစီးနှစ်ရာ ဝယ်ယူရန် လွန်ခဲ့သည့် နှစ်လကျော်က ကမ်းလှမ်းခဲ့ကြောင်း ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex ၌ ပြုလုပ်သည့် ကျောင်းကားအများပိုင်ကုမ္ပဏီဖွဲ့စည်းရေး တွေ့ဆုံညှိနှိုင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလုပ်ငန်းကို လုပ်ဖို့အတွက် သွားတောင်းဆိုတာလည်း မဟုတ်ပါဘူး။ အစုရှယ်ယာအနေနဲ့ ဆောင်ရွက်ဖို့ ကမ်းလှမ်းလာတဲ့အတွက် ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒီဟာကို အားလုံးကို နားလည်စေချင်ပါတယ်။ ဒီနေ့ အစည်းအဝေးမှာလည်း ပူးပေါင်းဆောင်ရွက်ချင်လို့လည်း ဆောင်ရွက်လို့ရပါတယ်။ ကျွန်တော်တို့ချည်း လုပ်တယ်ဆိုရင် လက်ရှိလုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းကို လုပြီးတော့ လုပ်တဲ့သဘောမျိုးလည်း သက်ရောက်မှာ စိုးတဲ့အတွက် ပူးပေါင်းဆောင်ရွက်တာပါ။ ပူးပေါင်းဆောင်ရွက်ဖို့ မလိုဘူးဆိုလည်း ကိုယ့်ဟာနဲ့ကိုယ် တစ်ပိုင်တစ်နိုင်လုပ်နိုင်တဲ့ ကိစ္စတွေလည်း ကိုယ့်ဟာကိုယ် လုပ်လို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ကျောင်းကားလုပ်ငန်းသည် စီးပွားရေးဖြစ်လောက်ပြီး ချမ်းသာသည့်အထိ မဖြစ်မြောက်သော်လည်း သာမန်စားနိုင်သောက်နိုင်သည့် အနေအထားသာရှိကြောင်း၊ ထို့အတူ အမြတ်အစွန်းအလွန်ရသော လုပ်ငန်းမဟုတ်ကြောင်း အထက (၂) စမ်းချောင်းနှင့် အထက(၂) ကမာရွတ်သို့ ပြေးဆွဲသည့် ကျောင်းကားပိုင်ရှင် ဒေါ်လတ်လတ်က မှတ်ချက်ပြုသည်။

“တစ်စီးတည်းပိုင်တဲ့ ပိုင်ရှင်တွေက ကျွန်မတို့ ဆယ်သိန်းရတယ်ဆိုပါတော့ ဒရိုင်ဘာဖိုးရှင်းလိုက်မယ်။ စပယ်ယာဖိုး ရှင်းလိုက်မယ်။ အဲ့ဒီအပြင် ဆီဖိုးရှင်းလိုက်မယ်ဆိုရင် တစ်လကို လေးသိန်းလောက်ပဲ ကျန်ပါတယ်။ ဒါက လူကြီးမင်းတို့လည်း ရှေ့ဆက်ပြီးတော့ ဒီလုပ်ငန်းကို ဝင်မယ်လို့ စိတ်ကူးမယ်ဆိုရင် ဘယ်လောက်မြတ်သလဲဆိုတာကို သိဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါပွဲသို့ ကျောင်းကားလုပ်ငန်းရှင်နှင့် ကျောင်းသားမိဘ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး ကမာရွတ်၊ ရန်ကင်း၊ ပြည်လမ်း TTC၊ အထက ၁ ဒဂုံ၊ အထက (၃) ဗိုလ်တထောင် အပါအဝင် ကျောင်းပေါင်း ၁၈ ကျောင်းရှိ ကျောင်းများ ကျောင်းကားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝယ်ယူထားသော ကျောင်းကားအစီး ၂၀၀ အနက်မှ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းကမာရွတ်မှာ ၂၉ စီး၊ ပညာရေးကောလိပ် လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်းတွင် ၂၇ စီး၊ စုစုပေါင်း ၅၆ စီးနှင့် အရန်ယာဉ်အဖြစ် ၉ စီး၊ ၆၅ စီးကို ကျောင်းနှစ်ကျောင်းကိုသာ ပြေးဆွဲပေးလျက်ရှိပြီး ကျန်ရှိသည့် ကျောင်းများကို လာမည့်စာသင်နှစ်တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာလ ၅ ရက်က ရန်ကုန်တိုင်းလွှတ်တော်၌ ဖြေကြားထားသည်။

J-17