News

POST TYPE

EDITOR PICK POST

ခေါက်ဆွဲခြောက်ထုပ် ယူစားရာမှ ဓားထိုးမှုဖြစ်
08-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၇ 

ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ မဟာဇေယျာလမ်းရှိ ငါးလွှာတိုက်ခန်းတစ်ခန်းတွင် အတူနေသူငယ်ချင်းနှစ်ဦး ခေါက်ဆွဲခြောက်ထုပ်ယူစားသည့်ကိစ္စနှင့် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားထိုးခံရသူ အသက် ၁၈ နှစ် အမျိုးသားမှာ ထိုင်းအစားအစာ စားသောက်ဆိုင်မှ အလုပ်သမားဖြစ်ပြီး အောက်တိုဘာလ ၆ ရက် နံနက် ၁ နာရီခွဲက ငါးလွှာတိုက်ခန်းတွင် အတူနေထိုင်သူ အသက် ၁၇ နှစ် အမျိုးသားက ၎င်း၏ ခေါက်ဆွဲခြောက်ထုပ်ကို ယူစားခဲ့သောကြောင့် နှစ်ဦး စကားများရန်ဖြစ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“အတူနေ သူငယ်ချင်းတွေ ဘာမဟုတ်တဲ့ ခေါက်ဆွဲခြောက်ထုပ် ယူစားတဲ့ကိစ္စလေးကနေ ဓားထိုးမှုအထိ ဖြစ်ခဲ့ကြတာပါ။ ဓားထိုးမှုကျူးလွန်တဲ့ကောင်လေးကလည်း ထိုင်းစားသောက်ဆိုင်က အလုပ်သမားပဲ။ ယူစားမိတဲ့ ခေါက်ဆွဲခြောက်ထုပ် အစားပြန်ဝယ်ပေးဖို့ ပြောဆိုရာနေ စကားများခဲ့ကြတာ”ဟု ရဲအရာရှိက ဆိုသည်။ 

ခေါက်ဆွဲခြောက်ထုပ် အလျော်ပြန်တောင်းရာမှ ဓားဖြင့်ထိုးခံရသူ အသက် ၁၈ နှစ်အမျိုးသားမှာ ကျောထိုးသွင်း ဒဏ်ရာသုံးချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ပြတ်ရှဒဏ်ရာတစ်ချက်ရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရသောကြောင့် အပြင်းအထန်နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် အသက် ၁၇ နှစ် အမျိုးသားကို ဖမ်းဆီးပြီး ပုဇွန်တောင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03