News

POST TYPE

EDITOR PICK POST

ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ဒုတိယပတ်အတွင်း ဂျပန်နိုင်ငံသွားမည်
01-Oct-2018
ရန်ကုန်၊ စက်တင်ဘာ ၃၀

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံသို့သွားရောက်လည်ပတ်ရန် အစီအစဉ်ရှိသည်ဟု ဂျပန်အစိုးရသတင်းရင်းမြစ် တစ်ခုကို Japan Today သတင်းစာက ကိုးကားဖော်ပြသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတစ်ခု တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဖူကူရှီးမားစီရင်စုရှိ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုသို့ သွားရောက်လေ့လာမည်ဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်က ဆိုသည်။ 

စိုက်ပျိုးမြေနှင့် မြေလွတ်မြေရိုင်းအမြောက်အမြားရှိသော မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေး အလုပ်သမားရှားပါးသည့် ပြဿနာနှင့် ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဂျပန်လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ လုပ်ကိုင်ဆောင်ရွက်ချက်များကို လက်တွေ့ကျကျ တွေ့မြင်လေ့လာပြီး ဖွံ့ဖြိုးရေး မော်ဒယ်လ်တစ်ခုအဖြစ် အသုံးပြုရန် ဆန္ဒရှိလိမ့်မည်ဟု သတင်းက ဆိုသည်။ 

အဆိုပါ ဂျပန်အစိုးရ သတင်းရင်းမြစ်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၈ ရက် နေ့မှ ၉ ရက်နေ့အထိ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်မှာကို လာမည့်သောကြာနေ့တွင် စတင်မည်ဖြစ်ကာ စုစုပေါင်း ခြောက်ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

မဲခေါင်ငါးနိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့မှ ခေါင်းဆောင်များသည် ဂျပန်ခေါင်းဆောင်များနှင့် ယင်းထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံကာ လတ်တလောဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အခြေအနေတို့နှင့် ပိုမို လိုက်လျောညီထွေမှုရှိမည့် မဟာဗျူဟာ သစ်တစ်ရပ်ကို ချမှတ်နိုင်ရန် စီစဉ်ကြမည်ဖြစ်သည်ဟု Kyodo သတင်းဌာနက ဖော်ပြသည်။ 

“တိုကျို မဟာဗျူဟာ ၂၀၁၈” ဟု အမည်ရသည့် ယင်းအစီအစဉ်သစ်က ဂျပန်နှင့် မဲခေါင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသောဒေါက်တိုင်သုံးခု ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးမည်ဖြစ်သည်ဟု သံတမန်သတင်းရင်းမြစ်များက ဆိုသည်။ 

ဒေါက်တိုင်သုံးခု ဟူသည်မှာ ဆက်သွယ်ရေး၊ ပြည်သူနှင့် သဘာဝပတ်ဝန်းကျင် စသည်တို့ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးဟူသော ရည်မှန်းချက်များနှင့်အတူ ထူထောင်သွားရမည်ဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်များက ပြောကြားသည်။

F-01