News

POST TYPE

EDITOR PICK POST

ဘက်လိုက်သော အမေရိကန်၏ အရှေ့အလယ်ပိုင်း စေ့စပ်ဖျန်ဖြေသူကဏ္ဍကို ပါလက်စတိုင်းခေါင်းဆောင် ငြင်းပယ်
30-Sep-2018

နယူးယောက် စက်တင်ဘာ ၂၉

အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်၍ လွန်မျှတသည်ဟုဆိုသော အစီအစဉ်တစ်ခုကို အမေရိကန်သမ္မတထရမ့်က အဆိုပြုပြီးနောက်တစ်ရက် ကြာသပတေးတွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်ကအမေရိကန်၏ စေ့စပ်ဖျန်ဖြေသူကဏ္ဍကို ငြင်းပယ်လိုက်သည်ဟု AFP သတင်းတွင် ဖော်ပြသည်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် ၈၂ နှစ်က ကုလအထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောရာတွင် ဝါရှင်တန် ရှိပါလက်စတိုင်း PLO ရုံးကိုပိတ်ပင်မှု၊ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ကာ သံရုံးရွှေ့ပြောင်းမှု၊ ပါလက်စတိုင်းထောက်ပံ့ကြေးများ ဖြတ်တောက်မှုကိစ္စများအပေါ် ဝေဖန်ပြောဆိုခဲ့သည်။

“ထရမ့်အစိုးရဟာ ဒီလိုဆုံးဖြတ်ချက်တွေ ချမှတ်ပြီးမှ အရင်ကအမေရိကန်ရဲ့ ကတိကဝတ်တွေကို ပြန်ပြောနေတယ်။ ရာစုနှစ်ရဲ့ သဘောတူစာချုပ်လို့ သူတို့ ပြောနေကြသေးတာကရယ်စရာပဲ”ဟု အဘတ်စ်က ဆိုသည်။ 

အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် နှစ်နိုင်ငံပြေလည် စွာဖြေရှင်းမှုကို ထောက်ခံပြီး ငြိမ်းချမ်းရေး အစီအစဉ်သစ်တစ်ခုကို လပိုင်းအတွင်း ဖော်ထုတ်မည်ဟု ထရမ့်က ပြောကြားအပြီး နောက်တစ်ရက်တွင် ဝေဖန်လိုက်သော အဘတ်စ်က ထရမ့်သည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ပါဝင်ခွင့်ဆုံးရှုံးသွားပြီဟု ပြောဆိုလိုက်သည်။

“အမေရိကန်ရဲ့ ငြိမ်းချမ်းရေး စေ့စပ်ဖျန်ဖြေမှုကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု အဘတ်စ်က ပြောကြားသည်။ 

ထရမ့်သည် ၂၀၁၇ ခုနှစ်တွင် အာဏာရလာပြီးကတည်းက အစ္စရေးဘက်မှ ဘက်လိုက်ရပ်တည်ခဲ့သည်ဟုလည်း ၎င်းကပြောကြားသည်။

ထရမ့်အစိုးရက ပြီးခဲ့သောဒီဇင်ဘာလတွင် ဂျေရုဆလင်ကိုအစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ပါလက်စတိုင်း ထောက်ပံ့ကြေးရန်ပုံငွေမှ ဒေါ်လာသန်း ၅၀၀ ဖြတ်တောက်ခဲ့ပြီးနောက် ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက အိမ်ဖြူ တော်နှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။

အဘတ်စ်သည် ဖေဖေါ်ဝါရီလကကုလလုံခြုံရေးကောင်စီသို့ မိန့်ခွန်းပြောရာတွင်လည်း အမေရိကန်၏ စေ့စပ်ဖျန်ဖြေ သူနေရာကို အစားထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်ရန် နိုင်ငံတကာညီလာခံတစ်ရပ် ကျင်းပရေးကို တောင်းဆိုခဲ့သည်။

သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲတွင် “အစ္စရေးနဲ့ ပါလက်စတိုင်းတွေက တစ်နိုင်ငံတည်းပဲဆိုရင် ကျုပ်ကတော့ အိုကေပါပဲ။ တကယ်လို့ သူတို့က နှစ်နိုင်ငံမှဆိုရင်လည်း ကျုပ်ကတော့ အိုကေပါပဲ။ သူတို့ပျော်တယ်ဆိုရင် ကျုပ်လည်းပျော်ပါတယ်”ဟု ပြောကြားလိုက်သည်။

ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအယူအဆကို မြေမြှုပ်ပစ်ရန် မျှော်လင့်ထားကြသော အစ္စရေးလက်ယာယိမ်းနိုင်ငံရေးသမားများက ထရမ့်၏ မှတ်ချက်ကြောင့် စိုးရိမ်ပူပန်နေကြသော်လည်း ဝန်ကြီးချုပ် နေတန်ညာဟုက ထရမ့်၏ ငြိမ်းချမ်းရေးညှိနှိုင်းမှုနှင့်အတူ လုပ်ဆောင်သွားရန် မျှော်လင့်သည်ဟု အပြုသဘောမှတ်ချက်ပေးသည်။

အစ္စရေးတို့က ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNRWA) သည် ပါလက်စတိုင်းပြည်သူ သန်းပေါင်းများစွာအား ယခုအစ္စရေးနှင့် ဖြစ်နေသော နယ်မြေရှိ နေအိမ်များသို့ ပြန်ပိုင်ခွင့်ရှိသူ ဒုက္ခသည်များအဖြစ် လက်ခံယူဆထားခြင်းအားဖြင့် အရှေ့အလယ်ပိုင်းပဋိပက္ခကို ရှည်ကြာအောင်ပြုလုပ်နေသည်ဟု ယခင်ကတည်းကပင် အငြင်းပွားခဲ့ကြသေးသည်။

F-04