News

POST TYPE

EDITOR PICK POST

သည်းခံနိုင်စွမ်း ဘယ်လောက်ရှိသလဲ (Daily, Vol-6/No-147)
29-Sep-2018
ဒီဘက်ခေတ် ကျွန်တော်တို့ မြန်မာလူမှုအဖွဲ့အစည်းမှာ Tolerance လို့ခေါ်တဲ့ သည်းခံနိုင်စွမ်းရည် တဖြည်းဖြည်း နည်းလာသလားလို့။ ပုထုဇဉ် အများစု ဖြစ်နေတဲ့အတွက် သူတော်ကောင်းတွေလောက် သည်းခံရမယ်လို့မဆိုလိုပေမယ့် အတော်အသင့် ကိစ္စကလေးတွေမှာတောင် သည်းမခံနိုင်တာတွေ များလာတာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။

တကယ်တမ်းတော့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှမဟုတ်ဘူး။ ဒီနေ့ မျက်မှောက်ကြုံနေရတဲ့ ပြဿနာတွေကို ကြည့်လိုက်ရင် ကမ္ဘာ့လူ့အဖွဲ့အစည်း ကိုယ်၌လည်း အတိတ်ကာလတွေနဲ့စာရင် သည်းခံနိုင်စွမ်း နည်းလာတဲ့အချက်က ပေါ်လွင်နေတယ်။

သည်းခံနိုင်စွမ်းဆိုတာ တကယ်တော့ အင်မတန်မြင့်မားတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပေါ့။ မွေးရာပါ သည်းခံနိုင်တာမျိုးထက် ကိုယ့်ဘာသာ လေ့ကျင့်ယူရတဲ့သဘောမျိုးက ပိုကဲတယ်။ ဒီနေရာမှာ သည်းခံတယ်ဆိုတာ အရာရာကို ပေယျာလကန်ပြုပြီး မတုန်မလှုပ် ကျောက်ရုပ်လိုပြုသမျှ ငြိမ်ခံနေတာမျိုးမဟုတ်ဘူးဆိုတာတော့ နားလည်ရမယ်။

ဒီနေရာမှာ ပြောချင်တဲ့သည်းခံမှုဆိုတဲ့ ဝေါဟာရထဲမှာ အယူအဆ၊ ကိုးကွယ်ယုံကြည်မှု၊ အသွေးအရောင်၊ နေရာဒေသ၊ အတွေးအခေါ်၊ ခံယူချက်၊ ကိုယ်နှုတ် အမူအရာ ခြားနားကွဲလွဲမှုတွေကို နားလည်လက်ခံပေးတတ်တဲ့ လူကြီး လူကောင်း ဆန်မှု၊ နိုင်ငံကြီးသားပီသမှုနဲ့ဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးတွေလည်း အကျုံးဝင်တယ်။

ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ပြောရင်တော့ သည်းခံတယ်ဆိုတာ မိမိအပေါ် တစ်ပါးသူ၊ ပတ်ဝန်းကျင်က ပြုလာ၊ ကြုံလာတဲ့ ကျူးလွန်၊ ရိုက်ခတ်မှုတွေအားလုံးကို ဒေါသစိတ်မပေါ်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်တာမျိုးလို့ ဆိုရမယ်။ သူတော်ကောင်း တရားပွားများလေ သည်းခံနိုင်မှု စွမ်းရည်မြင့်လေပေါ့။

ဒီကနေ့ ကျွန်တော်တို့ ကြုံနေကြရတဲ့ လောကဓံ အပါအဝင် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို ဘယ်လိုစိတ်အခံနဲ့ တုံ့ပြန်နေကြသလဲဆိုတာ ဦးဆုံးဆန်းစစ်ကြည့်သင့်တယ်။ သေချာတာကတော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုနဲ့ ညီမျှတဲ့ အကျိုးရလဒ်ကို ကျွန်တော်တို့ ပြန်ရမှာပဲ။

ကျွန်တော်တို့ တစ်ဦးချင်းစီထက် ပိုအရေးကြီးတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာရှိတဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအပေါ် ဩဇာ သက်ရောက်နိုင်စွမ်းရှိသူတွေရဲ့ သည်းခံနိုင်စွမ်းပဲ။ ပါဝါအမာ ကိုယ်စားပြုသူရော၊ ပါဝါအပျော့ ကိုယ်စားပြုသူရောမှာ သည်းခံနိုင်စွမ်း မြင့်မားဖို့လိုတယ်။ ပါဝါအမာ ကိုယ်စားပြုသူတွေက ကိုယ့်မှာရှိတဲ့အင်အားကို အခြေပြုပြီး ခပ်ထန်ထန်၊ ခပ်မာမာ တုံ့ပြန်တတ်တဲ့အတွက် အများထက်ပိုပြီး သည်းခံနိုင်စွမ်းမြင့်ဖို့လိုတယ်။

ဒီနေရာမှာ ပါဝါ အမာကိုယ်စားပြုသူတွေအနေနဲ့ ကိုယ့်အပေါ် ရန်ပြုလာသူတွေကိုသည်းခံရမှာလားလို့ စကားကပ်ပြောသူတွေက စောဒကတက်ကြမယ်။ ပါဝါအမာဆိုတာ လက်နက်အင်အား၊ စစ်အင်အားချည်း သက်သက်မဟုတ်ဘူး။ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်အာဏာဆိုတာကလည်း ပါဝါအမာကို ကိုယ်စားပြုတယ်။ ဘယ်သူမဆို ကိုယ့်အပေါ် တစ်ဖက်သားက ရန်လိုခြင်း၊ မလိုခြင်း၊ ရန်ပြုခြင်း၊ မပြုခြင်းဆိုတာ ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ သဘောထား၊ သည်းခံနိုင်စွမ်းတွေနဲ့လည်း ဆိုင်တယ်ဆိုတာ သတိပြုမိဖို့လိုမယ်။

ရန်လိုတဲ့သူအများစုကို လေ့လာကြည့်တဲ့အခါမှာလည်း စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တစ်နည်းဆိုရရင် သိမ်ငယ်စိတ်၊ ကြောက်စိတ်ရှိနေသူတွေ များတယ်။ များသောအားဖြင့် ကြောက်စိတ်၊ သိမ်ငယ်စိတ်ရှိနေတဲ့သူတွေက သူတို့မှာရှိတဲ့အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် ပါဝါအမာကို အလွန်အကျွံသုံးပြီး မျက်နှာဖုံးစွပ်ထားလေ့ရှိတယ်။

အဲဒီ သိမ်ငယ်စိတ်၊ ကြောက်စိတ် သိပ်ကြီးလာတဲ့အခါ အစွန်းရောက်သွားပြီး လောကကြီးကို၊ လူ့အဖွဲ့အစည်းကို အရွဲ့တိုက်၊ ကန့်လန့်တိုက်၊ အကြမ်းဖက် တိုက်ခိုက်လာကြတာပေါ့။ ဒါတွေက စိတ်ပညာ အခြေခံတဲ့ အနုမာန ယူဆချက်တွေဆိုပေမယ့် တကယ့်ဖြစ်စဉ်တွေကို လေ့လာကြည့်လိုက်ရင် ဒီအတိုင်းတွေ့ရမှာပဲ။ နယ်ပယ်အားလုံးမှာ အစွန်းရောက်နေတဲ့ အကြမ်းဖက်မှုတွေ ပြည့်နေတယ်။

ဒါဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြမ်းဖက်မှုတွေကို ဘယ်နည်းနဲ့ ကာကွယ်ကြမလဲ။ ကျွန်တော်တို့ ကိုယ်တိုင်က အကြမ်းဖက်မခံရအောင် ကျွန်တော်တို့ဘာသာဆင်ခြင်ဖို့ တစ်နည်းဆိုရရင် သည်းခံနိုင်စွမ်း မြှင့်တင်ထားဖို့က နံပါတ်တစ် အရေးအကြီးဆုံးပေါ့။ အဲဒီလိုပဲ နယ်ပယ်အသီးသီးက ပါဝါအမာနဲ့အပျော့ ကိုယ်စားပြုသူတွေ၊ ဆုံးဖြတ်ချက်ပေးနိုင်သူတွေ၊ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူတွေအနေနဲ့လည်း သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အေးချမ်းတည်ငြိမ်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်နိုင်သလောက် သည်းခံနိုင်စွမ်းရည် မြှင့်ထားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

အယ်ဒီတာ (၂၉-၉-၂၀၁၈)

(၂၀ -၁-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)