News

POST TYPE

EDITOR PICK POST

နိုင်ငံတကာဖိအားများရှိနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြည်သူ့အားကိုယုံကြည်ဟု ဒေါက်တာဇော်မြင့်မောင်ပြော
27-Sep-2018


မန္တလေး၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာ ဖိအားများရှိနေချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူတို့၏အားကို ယုံကြည်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးမြို့ရှိ ပဒုမ္မာခန်းမ၌ စက်တင်ဘာလ ၂၆ ရက်နေ့ကကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“နိုင်ငံတကာရဲ့ဖိအားကို ပြုံးပြုံးလေးနဲ့ ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ပါပဲ။ တုပ်ကွေးမိတာကလွဲလို့ အား လုံးအခြေအနေကောင်းပါတယ်။ ကျွန်တော်တို့ NLD ပါတီအပေါ်မှာလည်း သူယုံကြည်နေတုန်းပဲ၊ တိုင်းပြည်အပေါ်မှာလည်း ပြည်သူရဲ့အားကို ယုံကြည်နေတုန်းပဲရှိသေးတယ်။ ဒီယုံကြည်မှုကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ NLD ကလည်း အားလုံးရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်။ ကျွန်တော်တို့နဲ့ လက်တွဲခဲ့တဲ့သူတွေတောင်မှ အခုချိန်မှာ ကျွန်တော်တို့ပါတီ၊ ကျွန်တော်တို့ အဖွဲ့ချုပ်ကို ဝိုင်းဝန်းတိုက်ခိုက်နေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

NLD ပါတီအနေနှင့် ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်ခံ့ခံ့စိုက်ထူနိုင်ရန် ကြိုးစားနေပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် မျှော်လင့်ထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ၎င်းက ထပ်မံပြောကြားသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် NLD အဖွဲ့ချုပ်ရုံးက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပုလဲရတုအထိမ်းအမှတ်အဖြစ် အဖွဲ့ချုပ်၏ နှစ် ၃၀ ကာလဖြတ်သန်းမှု သမိုင်းပုံရိပ်ဓာတ်ပုံများကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ပြသထားမည်ဖြစ်သည်။

M-05


  • VIA