News

POST TYPE

EDITOR PICK POST

ရုရှားစစ်သုံးလေယာဉ် ဆီးရီးယားတွင်ပျောက်ဆုံး၊ ပြင်သစ်စစ်သင်္ဘောပစ်ချဟု ရုရှားစစ်တပ် စွပ်စွဲ
19-Sep-2018


မော်စကို၊ စက်တင်ဘာ ၁၈ 

စစ်မှုထမ်း ၁၄ ဦးကို တင်ဆောင်လာသော ရုရှားစစ်သုံးဂျက်လေယာဉ်တစ်စင်းသည် မြေထဲပင်လယ်ပေါ်တွင် ပျံသန်းနေစဉ် ရေဒါစနစ်မှ ကွယ်ပျောက်သွားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြောင်း EPA သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံကို ပြစ်တင်ဝေဖန်လိုက်သည်။ ဆီးရီးယားရှိလာတာကီးယားဒေသကို အစ္စရေးတို့က ဒုံးကျည်များဖြင့် တိုက်ခိုက်နေစဉ် ရုရှားစစ်သုံးဂျက်လေယာဉ်မှာ ယင်းသို့ ကွယ်ပျောက်သွားခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

လေယာဉ်ပေါ်တွင်လိုက်ပါသွားသော စစ်မှုထမ်း ၁၄ ဦး၏ ကံကြမ္မာနှင့်ပတ်သက်၍ မသိရှိရသေးဟု ရုရှားစစ်တပ်ကထုတ်ပြန်သော ကြေညာချက်ကို ရုရှားသတင်းဌာနများက ဖော်ပြသည်။ လေယာဉ်ကို သက်ဆိုင်ရာစစ်ဘက်အဖွဲ့အစည်းများက ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။ 

“ရုရှားလုပ် Il-20 အမျိုးအစား ဂျက်လေယာဉ်သည် ဆီးရီးယားကမ်းခြေမှ ၃၅ ကီလိုမီတာအကွာ မြေထဲပင်လယ်ပြင်ပေါ် ပျံသန်းစဉ် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။ 

ယင်းလေယာဉ်သည် ဟမ်မီနမ် လေတပ်အခြေစိုက်စခန်းသို့ ပြန်လာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။ 

ဆီးရီးယားကမ်းခြေဒေသ၊ လာတာကီယာမြို့ရှိ စက်မှုနည်းပညာဆိုင်ရာ အင်စတီကျုတစ်ခုကို အစ္စရေးတို့က ဒုံးကျည်ဖြင့် တိုက်ခိုက်နေချိန်နှင့် အဆိုပါလေယာဉ်ရေဒါမှ ပျောက်ဆုံးသွားချိန်တို့ တစ်ထပ်တည်းဖြစ်နေကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို အစ္စရေးတို့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ အချို့သော ဒုံးကျည်များမှာ ပင်လယ်ပြင်တွင်းမှ ပစ်လွှတ်ခြင်းဖြစ်ပြီး လာတာကီယာ၊ ဟွမ်းစ်နှင့် ဟာမာမြို့တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်။

အစ္စရေးအစိုးရအာဏာပိုင်များကမူ ထင်မြင်သုံးသပ်ချက်တစ်စုံတစ်ရာမပေးသေးဘဲ ပြည်ပသတင်းများနှင့်ပတ်သက်၍ တုံ့ပြန်မှုပြုမည်မဟုတ်ဟုသာ ဆိုသည်။ 

ရုရှားစစ်တပ်ကမူ လေယာဉ်ရေဒါမှ ကွယ်ပျောက်သွားချိန်တွင် မြေထဲပင်လယ်ဒေသရှိ ပြင်သစ်ရေတပ် စစ်သင်္ဘော Avergne မှာ မြေထဲပင်လယ်ထဲတွင်ရှိနေကြောင်း ပြောကြားပြီး ပြင်သစ်နိုင်ငံ၏ လက်ချက်ဖြစ်နိုင်သည်ဟု စွပ်စွဲသည်။ 

“မြေထဲပင်လယ်ပြင်တွင်းရှိ ပြင်သစ်ဖျက်သင်္ဘော Avergne မှ ဒုံးကျည်အမြောက်အမြား ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ကို ရုရှားလေကြောင်းထိန်းချုပ်ရေးဌာနများက စုံစမ်းတွေ့ရှိခဲ့သည်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။ 

သို့သော် ပြင်သစ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက“ယခု တိုက်ခိုက်မှုဟာ ပြင်သစ်စစ်တပ်အနေနဲ့ ပါဝင်ပတ်သက်တာမျိုး လုံးလုံးလျားလျား မရှိပါဘူး” ဟု ဆိုသည်။ 

အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း ပါဝင်ပတ်သက်ခြင်းမရှိဟု ပြောကြားသည်။ 

“အဲဒီ ဒုံးကျည်တွေဟာ အမေရိကန်စစ်ဘက်က ပစ်လွှတ်လိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ ပတ်သက်မှုလုံးဝ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

သို့သော် အမေရိကန်အရာရှိကြီး တစ်ဦးက “ဆီးရီးယားအစိုးရ၏ လေကြောင်းအန္တရာယ်ကာကွယ်ရေးစနစ်က အဆိုပါ ရုရှားပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်ကို မတော်တဆပစ်ချလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်စစ်တပ်က ယုံကြည်ထားသည်”ဟု ပြောကြားသည်။

F-01