News

POST TYPE

EDITOR PICK POST

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲအတွက် ဖြေရှင်းချက်ရှာရန် ဂျပန်စီးပွားရေးပညာရှင်များ တိုက်တွန်း
19-Sep-2018
တိုကျို၊ စက်တင်ဘာ ၁၈ 

ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိသည့် တရုတ်နိုင်ငံ ထုတ်ကုန်စည်များအပေါ် ယခုလကုန်မှစ၍ ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမည်ဟု သမ္မတထရမ့် အုပ်ချုပ်ရေးအဖွဲ့ (အမေရိကန်အစိုးရ) က တနင်္လာနေ့တွင်ကြေညာလိုက်ပြီးနောက် ဂျပန်အစိုးရစီးပွားရေး မူဝါဒရေးဆွဲသူများက အရှိန်မြင့်လာသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအတွက် ဖြေရှင်းချက်တစ်ရပ်ကို အဆောတလျင်ထုတ်ဖော်ကြရန် တိုက်တွန်းလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

ထရမ့်က ထိုသို့ ဒေါ်လာ ၂၀၀ ဘီလီယံဖိုးရှိသည့် တရုတ်ကုန်စည်များကို ထပ်မံအခွန်ကောက်ခံမည်ဖြစ်ကြောင်း ပြောဆိုလိုက်ပြီးနောက် အင်္ဂါနေ့တွင် အာရှအစုရှယ်ယာတန်ဖိုးများ ကျဆင်းသွားသည်။ 

အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ ဂျပန်စီးပွားရေးဝန်ကြီး တိုရှီမီဆူမိုတီဂီက “ပါးရိုက်လို့ နားကိုက်တဲ့လုပ်ရပ်ဟာ ဘယ်တိုင်းပြည်ကိုမှ အကျိုးအမြတ်မဖြစ်ထွန်းစေပါဘူး”ဟု သုံးသပ်ပြောကြားသည်။ 

ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအာဇိုက ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး ချိန်ခွင်လျှာ မမျှမတဖြစ်နေမှုကို မဖြစ်မနေပြုပြင်ပါမှ နောက်ထပ်ဘဏ္ဍာရေး အကျပ်အတည်းမဖြစ်ပေါ်အောင် ကြိုတင်ဟန့်တား နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်တို့အနေနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ကုန်စည်ခွန်ကောက်ခံနေခြင်းထက် ပြဿနာများကို ဒိုင်ယာလော့ခ်ဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

“ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အကြီးမားဆုံးနိုင်ငံနဲ့ ဒုတိယအကြီးမားဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်တို့အနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဒိုင်ယာလော့ခ်တွေ လုပ်ကြရပါမယ်”ဟု ဘဏ္ဍာရေးဝန်ကြီး တာရိုအာဇိုက အင်္ဂါနေ့တွင် ပြောကြားသည်။ 

“ကုန်သွယ်ရေး ပမာဏကျဆင်းလာတယ်ဆိုတာဟာ စီးပွားရေးလုပ်ငန်းတွေ ကျုံ့လာတဲ့သဘောပါပဲ။ တခြားနိုင်ငံတွေအပေါ် ဂယက်ရိုက်ခတ်မှုလည်း ကြီးမားလာလိမ့်မယ်”ဟု ၎င်းက ဆက်လက်သုံးသပ်သည်။ 

ဂျပန်ကုန်သွယ်ရေးဝန်ကြီး ဟီရိုရှီဂါဆီကိုက ထရမ့်အနေနှင့် တရုတ်ကုန်စည်များကို ထပ်မံအခွန်စည်းကြပ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာလုံးစီးပွားရေးကို ထိခိုက်နစ်နာစေနိုင်ရာ အလွန်အမင်း နောင်တရစရာကိစ္စဖြစ်ကြောင်း ပြောကြားသည်။ 

“တခြားနိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း မရည်ရွယ်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။ 

သို့အတွက်ကြောင့် အစိုးရအနေနှင့် ယခုလို ကုန်သွယ်ရေးစစ်ပွဲကြီးက ဂျပန်စီးပွားရေးကုမ္ပဏီများအပေါ် မည်သို့မည်ပုံ အကျိုးသက်ရောက်နိုင်သည်ဟူသော အချက်ကို လေ့လာစိစစ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

“တရုတ်နိုင်ငံကို အစိတ်အပိုင်းတွေ တင်ပို့ရောင်းချနေတဲ့ ဂျပန်ကုမ္ပဏီအနည်းအကျဉ်းရှိတယ်၊ အဲဒီကနေတစ်ဆင့် အားလုံးတပ်ဆင်ပြီး အမေရိကကို တင်ပို့ကြတာ”ဟု ၎င်းက ဆိုသည်။ 

အမေရိကန်နှင့်ဖြစ်နေသော ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်အနေနှင့် ခံစစ်ဘက်ကချည်းနေမည်မဟုတ်ဘဲ မထင်မှတ်သော ထိုးစစ်များလည်း လုပ်ဆောင်ရမည်ဖြစ်သည်ဟု တရုတ်အစိုးရအာဘော် Global Times ယမန်နေ့က ရေးသားဖော်ပြခဲ့သေးသည်။ 

အကယ်၍ သမ္မတထရမ့်က တရုတ်ကုန်စည်များအပေါ် ထပ်တိုးအခွန်ကောက်ခံမည့် အစီအစဉ်ကို ကြေညာမည်ဆိုပါက ယခုလကုန်ပိုင်းတွင် ဝါရှင်တန် (အမေရိကန်အစိုးရ) နှင့် အတူပြုလုပ်မည့် ကုန်သွယ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ဟု တရုတ်အစိုးရက အသိပေးပြောဆိုထားကြောင်း Wall Street Journal သတင်းစာက တရုတ်အစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။  

F-01



  • VIA