News

POST TYPE

EDITOR PICK POST

ရဲတပ်ဖွဲ့ဝင်များက အမှုသည်ကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သည်ဟုဆိုကာ ရှင်းလင်း
18-Sep-2018


မန္တလေး၊ စက်တင်ဘာ ၁၇

မြစ်သားမြို့နယ် ကူမဲမြို့မှ အမှုသည်လင်မယားကို ရဲတပ်ဖွဲ့က လာရောက်ဆင့်ဆိုခေါ်ဆောင်ရာတွင် အင်အား ၁၂ ဦးခန့်ဖြင့် ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ယင်းအမှုသည်လင်မယားနှစ်ဦးက မီဒီယာစင်တာမန္တလေးတွင် စက်တင်ဘာလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောဆိုသည်။

သပြေတောင်းကျေးရွာအုပ်စု ကုန်းသာရွာမှ ဦးမင်းစိန်နှင့် ဇနီးဖြစ်သူ ဒေါ်ရွှေမိတို့သည် မိသားစုဝင်ချင်း ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က အပြန်အလှန်အမှုဖွင့်တိုင်ကြားမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ၇ လခန့်အကြာ ဩဂုတ်လ ၂၀ ရက်နေ့တွင် တရားရုံးသို့လာရောက် အမှုရင်ဆိုင်ရန်ခေါ်ဆောင်ရာတွင် ရိုက်နှက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကာယကံရှင် ဦးမင်းစိန်က ပြောကြားသည်။

“ကျွန်တော်တို့ကိုလာခေါ်တော့ လာပါ့မယ်လို့ပြောတာကို ရိုက်နှက်ပြီး ဖမ်းတယ်။ ကျွန်တော့်မျက်နှာကို ထိုးတာ ရှေ့သွားတစ်ချောင်းနဲ့သွားတယ်။ မျက်ကွင်းလည်းညိုသွားတယ်။ ကျွန်တော့် အမျိုးသမီးကို ဝိုင်းဖမ်းတာမှာ အရှက်တကွဲဖြစ်ခဲ့ရပါတယ်” ဟု ၎င်းကဆိုသည်။ 

ယင်းအမှုနှင့်ပတ်သက်၍ ဦးမင်းစိန်တို့လင်မယားမှာ အကြောင်းအမျိုးမျိုးပြကာ တရားရုံးလာရောက်ရန် ပျက်ကွက်နေခဲ့ကြောင်း၊ တရားပြိုင်များကလည်း တိုင်းရဲတပ်ဖွဲ့သို့ အမှုကြန့်ကြာနေသည်ဟု တိုင်ကြားထားသည့်အတွက် အဆိုပါအမှုကို အမြန်ဆောင်ရွက်နိုင်ရန် တရားဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သွားရောက် ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ကူမဲနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်မိုးက ပြောကြား သည်။

“ကျွန်တော်တို့သွားဖမ်းတော့ ရိုက်တာလည်းမရှိပါဘူး။ နှက်တာလည်း မရှိပါဘူး။ သွားခေါ်တဲ့အချိန်မှာ ဦးမင်းစိန် က သူ့မိန်းမကို ဓားဘယ်မှာလဲ ဒီကောင် တွေကို ဓားနဲ့ခုတ်ဆိုပြီးပြောတော့ ကျွန်တော် တို့ကို ရန်ပြုမယ့်အနေအထားရှိလို့ လက် ထိတ်ခတ်ဖမ်းဆီးတာပဲရှိတာပါ။ ကျွန်တော် တို့ မှတ်တမ်းတင်ထားတဲ့ သက်သေတွေ ရှိပါတယ်” ဟု ရဲအုပ်က တုံ့ပြန်ပြော ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှု သည်ဦးမင်းစိန်တို့လင်မယားက ရဲချုပ်ရုံး နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ထံတိုင်ကြားခဲ့ရာ တိုင်း ရဲတပ်ဖွဲ့မှူးရုံးက စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ရဲချုပ်ရုံးသို့ တင်ပို့ထား ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

M-04