News

POST TYPE

EDITOR PICK POST

အလိုအလျှောက် လှည့်ပေးနိုင်သည့် တံတားပုံစံငယ် ဖန်တီးသူများနှင့် တွေ့ဆုံခြင်း
18-Sep-2018
“လက်ရှိ ရှိနေတဲ့ Lab ခန်းတွေနဲ့ ကျောင်းသားဦးရေနဲ့က မလုံလောက်သေးဘူး”



ပြည်တွင်း၌ နည်းပညာရှင်များက လူမှုအကျိုးပြု မိုဘိုင်းလ် App များ၊ နည်းပညာထုတ်ကုန်များကို အခက်အခဲများကြားမှ ထုတ်လုပ်နေကြသည်။ ယင်းတို့အနက် ကုန်းလမ်း၊ ရေလမ်းအသုံးပြုနေပြီး ကမ်းပါးနိမ့်သည့်နေရာများတွင် အသုံးဝင်နိုင်မည့် အလိုအလျောက်လှည့်ပေးနိုင်သည့် တံတားပုံစံငယ် ဖန်တီးတီထွင်သည့် နည်းပညာတက္ကသိုလ် (မန္တလေး) မှာ ကျောင်းသားများနှင့် တွေ့ဆုံပြီး တံတား၏စွမ်းဆောင်ရည်များ၊ အားသာချက်များနှင့် နည်းပညာဖန်တီးတီထွင်နေသည့် လူငယ်များ၏ လိုအပ်ချက်များကို မေးမြန်းကာပြန်လည်ဖော်ပြအပ်ပါသည်။

Voice : သင်္ဘောလာတဲ့အခါ အလိုအလျောက် ဖွင့်ပေးနိုင်မယ့် တံတားဒီဇိုင်းပုံစံငယ်ကို ညီလေးတို့ ဖန်တီးထားတယ်လို့ သိရပါတယ်။ ဒီတံတား နဲ့လုပ်ဆောင်ချက်တွေကို ပြည့်ပြည့်စုံစုံ ရှင်းပြပေးပါဦး။
MSE : ဟုတ်ကဲ့ဗျ။ ဒီတံတားက ပုံမှန်တံတား တစ်စင်းလိုပါပဲ။ ရန်ကုန်က သာကေတတံတားလိုပဲ အောက်က ရေကြောင်းရော၊ ကုန်းကြောင်းရော သွားလို့ရမယ့်နေရာ၊ ကမ်းပါးတွေနိမ့်တဲ့နေရာတွေမှာဆိုရင် တံတားဒီအတိုင်း ထိုးလိုက်ရင် သင်္ဘောတွေသွားဖို့အဆင်မပြေဘူး။ ကျွန်တော်လည်း အဲဒီသာကေတတံတားကိုပဲကြည့်ပြီး စိတ်ကူးရတော့ ဒီတံတားတွေရဲ့ အသုံးဝင်မှုတွေကိုရှာကြည့်တယ်။ ရှာကြည့်ရင်းနဲ့ ဒီစက်ဝိုင်းခြမ်းပုံစံဒီဇိုင်းကို ထုတ်ဖြစ်တာ။
အဲဒီစက်ဝိုင်းခြမ်းပုံစံက ဒီဇိုင်းလှတာအပြင် ပုံမှန်တံတားတွေထက် သူ့ရဲ့အားသာချက်တွေ ပိုပြီးများတယ်။ လုပ်ဆောင်ချက်တွေက ရေစုန်ရော ရေဆန်မှာပါ အာရုံခံစနစ်တွေ တပ်ထားပြီး စစ်နေမယ်။ ဘယ်ဘက်ကဖြစ်ဖြစ် သင်္ဘောက ဝင်လာပြီဆိုရင် ဒီတံတားကို မြှောက်ပေးရမယ်။ အဲ့ဒီအချိန်မှာ အပေါ်ကဖြတ်နေတဲ့ ကားတွေလူတွေရှင်းဖို့ အချိန်တစ်ခုပေးရမယ်။ ပြီးရင် မောင်းတံကို ပိတ်လိုက်မယ်။
ပိတ်ပြီးတဲ့အခါမှာတော့ တံတားကို စပြီးလှည့်ပါတယ်။ ဒီတံတားက အလယ်ကနေချိုးတဲ့ပုံစံမျိုးမဟုတ်ဘူး။ ၄၅ ဒီဂရီလှည့်ပေးပြီး အောက်က အဝိုင်းကြားကနေ သင်္ဘောတွေကို ဖြတ်ခွင့်ပြုမှာပါ။

Voice : ဒီက တံတားတွေမှာ လက်တွေ့အသုံးဝင်ဖို့ကျတော့ရော ဒီဇိုင်းပိုင်းမှာ လိုအပ်ချက်တွေကို ဘယ်လိုစဉ်းစားထားသလဲ။
MSE : လက်တွေ့အသုံးချဖို့ကျတော့ ဒါက ပုံစံငယ်ဆိုတော့ လုပ်ရတာလွယ်တယ်။ ဒီ, ဒီဇိုင်းက အပြင်မှာရှိပြီးသားဗျ။ အင်္ဂလန်မှာရှိတယ်။ ဒီဒီဇိုင်းက ရေကြောင်းရော၊ ကုန်းကြောင်းမှာပါ အသုံးပြုနိုင်တဲ့အတွက် ဆက်သွယ်ရေးပိုကောင်းသွားမယ်။ နောက်ပြီး ဒီဒီဇိုင်းကဆွဲဆောင်မှုရှိတယ်။ ဒီလို ဆွဲဆောင်မှုရှိတဲ့အတွက် ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အသုံးချဖို့အတွက်ဆိုရင်တော့ တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေကို သေသေချာချာတိုင်ပင်ပြီး ဆက်လုပ်သွားမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။

Voice : တံတားကြီးတစ်ခုလုံးကို လှည့်ဖို့၊ မြှောက်ဖို့လိုမျိုးကျတော့ ပုံစံငယ်မှာထက် မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေရှိ လာဦးမှာပေါ့။ ဘယ်လိုလိုအပ်ချက်တွေရှိလာနိုင်မလဲ။
MSE : တံတားတစ်ခုလုံးကို မြှောက်တယ်ဆိုတာထက် လှည့်ရတာပေါ့နော်။ ဒီလိုလုပ်တဲ့နေရာမှာ အခက်အခဲက အပြင်မှာတော့ ပိုပြီးတိတိကျကျတွက်ချက်ရမှာပေါ့။ ပုံစံငယ်လုပ်တဲ့အခါမှာလည်း တံတားရဲ့ အလေးချိန်တွေ ဘာတွေကို သေသေချာချာ တွက်ချက်ရတယ်။ သူ့ရဲ့အလယ်ဝင်ရိုးကနေလှည့်ရမှာဆိုတော့ တံတားတစ်ခုလုံးရဲ့အလေးချိန်ကို နိုင်မယ့် မော်တာမျိုးဖြစ်ဖို့လိုတယ်။

Voice : ပုံစံငယ်မှာရော သူ့အတွက်လိုအပ်တဲ့ စွမ်းအင်ကို ဘယ်ကနေရယူထားသလဲ။
MSE : ဒီတံတားရဲ့ အားသာချက်က တခြားတံတားတွေထက် စွမ်းအင်လိုအပ်ချက် ပိုနည်းတယ်။ ဒါကြောင့်လည်း ဒီ ဒီဇိုင်းကို ရွေးချယ်ပြီး လုပ်ဖြစ်တာပါ။ ပုံစံငယ်မှာတော့ ဘက်ထရီတစ်လုံးနဲ့ပဲ အားလုံးအတွက် လိုအပ်တဲ့ စွမ်းအင်ကို အသုံးပြုထားပါတယ်။

Voice : ညီလေးတို့အဖွဲ့က အရင်ကလည်း အမှိုက်အလိုအလျောက်ပစ်ပေးမယ့် ကားလိုမျိုးတွေ လုပ်တာတွေ့ရတယ်။ ဒီလိုဖန်တီးမှုတွေအတွက် အထောက်အပံ့တွေက ဘယ်လောက်လိုအပ်နေသေးလဲ။ ဘယ်လိုအခက်အခဲတွေရှိသလဲ။
MSE : ဟုတ်တယ်။ အရင်တုန်းက အမှိုက်အလိုအလျောက်ပစ်ပေးမယ့်ကားလိုမျိုး လုပ်ခဲ့တယ်။ အန္တရာယ်ရှိတဲ့ စွန့်ပစ်ဓာတုပစ္စည်းတွေပစ်တဲ့နေရာမှာ လူကိုယ်တိုင် လုပ်စရာမလိုအောင်ပေါ့။ အခုဆိုရင် ဒီလှည့်ပေးမယ့် တံတားကိုလုပ်တယ်။ အဓိကလိုအပ်တာကတော့ ဘတ်ဂျက်ပေါ့။ ဘတ်ဂျက်မရှိတဲ့အတွက် ပစ္စည်းကောင်းကောင်းတွေ မသုံးနိုင်ဘူး။ အထောက်အပံ့ကောင်းကောင်းမွန်မွန်မရှိတဲ့အတွက် ဖြစ်သင့်တာထက်လျှော့ပြီး လုပ်နေရတယ်။

Voice : ကျောင်းတွေမှာ Lab တွေရှိလာတာက ညီလေးတို့အတွက် အထောက်အပံ့တော့ဖြစ်မှာပေါ့။ ဒီလို Lab တွေထပ်ပြီး များများရှိလာဖို့ လိုအပ်ဦးမလား။
MSE : ကျောင်းမှာ Lab တွေ အသုံးပြုခွင့်ရလာပါပြီ။ ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ လက်ရှိရှိနေတဲ့ Lab ခန်းတွေနဲ့ ကျောင်းသားဦးရေနဲ့က မလုံလောက်သေးဘူး။ Lab တွေကို ထိန်းသိမ်းမယ့် ဝန်ထမ်းတွေလိုမယ်။ အသုံးချမယ့် ဆရာ၊ ဆရာမတွေ လိုအပ်နေသေးတယ်။ အခွင့်အရေးသာရမယ်ဆိုရင် အဲဒီ Lab ခန်းတွေကို ကျောင်းသားတွေကို အဓိကထားပြီး အသုံးပြုခွင့်ပေးစေချင်တယ်။

Voice : နည်းပညာတီထွင်ဆန်းသစ်မှုတွေအတွက် ပြည်တွင်းက လူငယ်တွေကြုံရလေ့ရှိတဲ့ အခက်အခဲတွေဆိုရင်ရော ဘာတွေရှိမလဲ။
MSE : အခက်အခဲအများစုကတော့ နံပါတ် ၁ က ဘတ်ဂျက်ပါပဲ။ တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘယ်အဖွဲ့အစည်း၊ ဘယ်သူကမှ ထောက်ပံ့တာမရှိဘူး။ အဲဒီအထောက်အပံ့မျိုးမရှိတာက အရေးအကြီးဆုံး လိုအပ်ချက်ပေါ့။ ပြီးတော့ နည်းပညာကျောင်း တော်တော်များများက သုတေသနကို ဦးတည်လာပေမယ့် အရာမရောက်သေးတာလည်း အခက်အခဲတစ်ခုပါပဲ။ မူပိုင်ခွင့်မရှိသေးတာကလည်း ကိုယ့်ရဲ့တီထွင်မှုကို အာမခံပေးနိုင်မယ့် အခြေအနေမျိုးပါ။

Voice : ညီလေးတို့အနေနဲ့ ဆည်မြောင်းနဲ့ ပတ်သက်တဲ့ ပရော့ဂျက်တစ်ခုလည်း လုပ်နေတယ်လို့ သိရတယ်။ အဲဒါကရော ဘယ်လိုမျိုးပရော့ဂျက်လဲဆိုတာ ပြောပြပေးပါဦး။ သူတို့နဲ့ အဆက်အသွယ်ရော ဘယ်လိုရတာလဲ။
MSE : ရေကြီးရေလျှံမှုတွေ၊ မြစ်ရေ၊ ဆည်ရေတွေကို ကောင်းကောင်းမွန်မွန် စီမံနိုင်မယ့်ဟာမျိုး လုပ်နေပါတယ်။ အခုဆိုရင် ရေကြီးရေလျှံမှုတွေ နှစ်တိုင်းလိုဖြစ်နေပါတယ်။ မြစ်ရေကြီးတာတို့၊ ဆည်ကျိုးတာတို့ကို အချိန်နဲ့တစ်ပြေးညီ မသိရတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို သတိပေးချက် အချိန်မီမပေးနိုင်တဲ့အတွက် မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးရတယ်။ အဲဒီလို ဆုံးရှုံးမှုတွေကို လျော့နည်းစေဖို့ လက်ရှိလုပ်နေတဲ့ Device လေးကို ရည်ရွယ်ပြီးလုပ်နေတာပါ။
ဒီတံတားပရော့ဂျက်ကို ပြတဲ့အချိန်မှာ ဆည်မြောင်းက အစ်ကိုတစ်ယောက်နဲ့ တွေ့ပါတယ်။ သူက ဆည်မြောင်းလောကမှ ဒီလိုရေကို စီမံဖို့လိုအပ်နေတယ်လို့ ပြောတယ်။ ဒီလိုအခြေအနေတွေကို ဖြေရှင်းဖို့ပါ။ တစ်နာရီခြားတစ်ခေါက် သို့မဟုတ် သတ်မှတ်ထားတဲ့ အချိန်မှာ ရေလယ်ဗယ်ကိုတိုင်းပြီးတော့ ဖုန်းဆီကို မက်ဆေ့ချ်ပို့ပေးနေမှာပါ။ အခု ချက်ချင်းသိချင်တာဆိုရင်လည်း မက်ဆေ့ချ်လှမ်းပို့ပြီး တိုင်းလို့ရပါတယ်။

Voice : ကျောင်းသားလူငယ်တွေအတွက် ကျောင်းစာကလည်း တစ်ဖက်မှာရှိနေသေးတော့ ဒီလိုဖန်တီးမှုတွေအတွက် ဘယ်လိုအချိန်ယူပြီး လုပ်သလဲ။
MSE : ကျောင်းစာက တစ်ဖက်၊ ဝါသနာက တစ်ဖက်ဆိုပေမယ့် ကျောင်းစာကတော့ ကျက်ရမှာပဲ။ ကျက်မှအောင်မှာ။ ဒါမှလည်းဘွဲ့ရမှာဆိုတော့ စာမေးပွဲနားနီးလာရင်တော့ စာကျက်တယ်။ ဝေးနေတဲ့အချိန်တွေမှာ ပရော့ဂျက်တွေလုပ်တယ်။ ဒါက ဒီက ကျောင်းသားတွေရဲ့သဘာဝပါ။ ကျောင်းစာမေးပွဲက စာကျက်ရင် အောင်တယ်။ အဲဒါကြောင့်မို့လို့ပါ။
ကျွန်တော်တို့ MSE ဆိုပြီး အဖွဲ့တစ်ခု ဖွဲ့ထားပါတယ်။ ကျွန်တော်တို့အဖွဲ့က ၂၀၁၇ ဒီဇင်ဘာလောက်က စပြီးဖွဲ့စည်းတာပါ။ ကျွန်တော်တို့ သိထားတာတွေကို ပြန်ပြီးမျှဝေဖို့အတွက် စခဲ့တာပါ။ ကျွန်တော်တို့ရဲ့ နည်းပညာတက္ကသိုလ် (မန္တလေး) မှာပဲ ၂ ပတ်ကြာ Training ပေးခဲ့ပါတယ်။ နယ်ကျောင်းတွေဆိုလည်း အခမဲ့ Training ပေးပါတယ်။ GTI ကန့်ဘလူမှာ တစ်ခေါက် Training ပေးပြီးပါပြီ။ ပြီးတော့ နောက်ဆုံးတစ်ခေါက်က လေကြောင်းအင်ဂျင်နီယာပေါ့။ MAEU မှာလည်း Training ပေးခဲ့ပြီးပါပြီ။

Voice : နောက်ဆုံးအနေနဲ့ပေါ့။ ညီလေးတို့လိုပဲ တီထွင်ဆန်းသစ်မှုတွေလုပ်နေတဲ့ သူငယ်ချင်းတွေကို ဘာများပြောဖို့ရှိမလဲ။
MSE : ကျွန်တော်တို့ MSE က အဓိကလုပ်တာက လူမှုအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေကို ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်အောင် နည်းပညာဘက်ကနေ အထောက်အပံ့ပေးနေပါတယ်။ ကျွန်တော်တို့ဆီမှာ Lab လေးတစ်ခုလုပ်ထားပါတယ်။ အဲဒီမှာ နည်းပညာကို ရူးသွပ်တဲ့၊ စိတ်ဝင်စားတဲ့ ကျောင်းသားတွေလာပြီးတော့ အသုံးပြုနိုင်ပါတယ်။

မောင်မန်း