News

POST TYPE

EDITOR PICK POST

ပြင်ဦးလွင် မြန်ပြည်သာရွာမှ အိမ်များဖယ်ရန် ထပ်သတိပေး
17-Sep-2018


မန္တလေး၊ စက်တင်ဘာ ၁၆

ပြင်ဦးလွင်မြို့နယ်အတွင်း မြန်ပြည်သာဟု အမည်ပေးထားသည့် ကျေးရွာမှ နေအိမ်များ ဖယ်ရှားပေးရန်နှင့် အသစ်ထပ်မဆောက်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့က ဒုတိယအကြိမ် သတိပေးစာထုတ်ပြန်ခဲ့သည်။

အဆိုပါကျေးရွာသည် ရဲရွာ-ကျောက်ချော (၁၆ မိုင်) ကားလမ်းဘေးတွင်ရှိပြီး ၂၀၁၅ ခုနှစ်ခန့်မှစ၍ ကျူးကျော်နေထိုင်သူများ စတင်အခြေချနေထိုင်ခဲ့ရာမှ အိမ်ခြေများ တိုးပွားလာခဲ့ပြီးနောက် မြန်ပြည်သာဟု အမည်တွင်လာသော ရွာတစ်ခုဖြစ်သည်။

“သူတို့ဟာသူတို့ ရွာအမည်ပေးပြီး နေထိုင်ကြတယ်။ လူဦးရေများလာတာပေါ့။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဖယ်ပေးကြဖို့ သတိပေးစာထုတ်ခဲ့ဖူးတယ်။ ခုက ဒုတိယအကြိမ်ထုတ်တာပါ။ သူတို့ ကိစ္စကိုဖြေရှင်းဖို့ အဖွဲ့တစ်ခုဖွဲ့ထားပါတယ်။ မဖယ်ပေးရင်တော့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖယ်ရှားရှင်းလင်းရမှာပါ”ဟု ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က ပြောကြားသည်။

အဆိုပါမြေသည် တပ်မတော်က သိမ်းဆည်းထားသည့်မြေဖြစ်ပြီး တန် ၂၅၀၀ ကျ ဘိလပ်မြေစက်ရုံတစ်ခု တည်ဆောက်ထားရာမှ လွတ်နေသည့်နေရာများတွင် ဝင်ရောက် ဆောက်လုပ်နေထိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံရွာသားအချို့က ပြောဆိုသည်။

“ကျွန်တော်တို့ဆီမှာ လာကပ်တဲ့ စာက အိမ်ပြင်တာတွေ၊ တိုးချဲ့တာတွေ မလုပ်ကြဖို့ သတိပေးစာပါ။ မြို့နယ်အဖွဲ့ကတော့ တိုင်းအစိုးရ၊ စည်ပင်ဝန်ကြီးဆီကို စာတင်ပြီးတော့ ပြောဆိုကြဖို့ မနေ့ကလာတွေ့ တုန်းကတော့ ပြောသွားတာရှိပါတယ်”ဟု အဆိုပါမြန်ပြည်သာကျေးရွာတွင် နေထိုင်သည့် ဦးစိုးလွင်က ပြောကြားသည်။

အဆိုပါကျေးရွာတွင် နေထိုင်သူများအနေနှင့် စတင်နေထိုင်စဉ်ကတည်းက အခကြေးငွေဖြင့် မြေဝယ်ရခြင်းမရှိသော်လည်း အိမ်ခြေများပြားလာချိန်တွင် ရပ်ရွာအင်္ဂါရပ်နှင့်အညီ တည်ဆောက်နိုင်ရန် အလှူခံခြင်းမျိုးသာရှိခဲ့သော ရွာတစ်ခုဖြစ်ကြောင်း ဒေသခံကျေးရွာသားများအဆိုအရ သိရသည်။

ယင်းကျေးရွာတွင် နေထိုင်သူအများစုမှာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက် ကျူးကျော်နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ ၂၇၀ ကျော်၊ လူဦးရေ တစ်ထောင်ကျော်ခန့်ရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။

M-04


  • VIA