News

POST TYPE

EDITOR PICK POST

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် သုတေသနနည်းပညာများပြသ
14-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားများ၊ မဟာတန်းကျောင်းသားများနှင့် ပါရဂူတန်းကျောင်းသားများ ဖန်တီးထားသည့် နည်းပညာဆိုင်ရာ ပရောဂျက် ၂၀ ကျော်ကို ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် အဆိုပါတက္ကသိုလ်၌ ပြသခဲ့သည်။

ယင်းတက္ကသိုလ် မက္ကထရောနစ်အင်ဂျင်နီယာဌာန ကထိက ဒေါက်တာအောင်မျိုးသန့်စင်က “ဒီကျောင်းသားတွေ ဘာတွေလုပ်တတ်သလဲဆိုတာကို အပြင်ကလူတွေသိရှိပြီး ဒီကျောင်းသားတွေအတွက် အလုပ်အကိုင်လည်းရချင်ရလာမယ်လို့လည်း ယူဆတယ်။ နောက်ပြီး ဒီနည်းပညာတွေက ပြင်ပစားသုံးသူတွေအတွက် အသုံးဝင်တာရှိရင် ကျွန်တော်တို့ရဲ့နည်းပညာတွေ အပြင်ကိုအကျိုးပြုနိုင်ဖို့ မျှော်လင့်တယ်” ဟု ပြောကြားသည်။

မက္ကထရောနစ်နည်းပညာဆိုင်ရာ Video Processing၊ Image Processing၊ Robotic Control Technology အစရှိသည့် ပရောဂျက်များပါဝင်ပြီး ယင်းပရောဂျက်များကို ကျောင်းသူ၊ ကျောင်းသားများအနေနှင့် အနည်းဆုံးအချိန် ၅ လမှ ၃ နှစ်ခန့်ထိ ဖန်တီးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ပါရဂူတန်း ဒုတိယနှစ်ကျောင်းသူ မအေးမြမြသူက “အဓိက ကျွန်မဒီဇိုင်းက တခြားနိုင်ငံတွေမှာမရှိသေးတဲ့ ဒီဇိုင်းကိုထွင်ထားတယ်။ မသန်စွမ်းသူတွေသုံးတဲ့ဝှီးချဲကို ပုံမှန်သုံးနေတဲ့ဘီးနေရာမှာ ကျွန်မရဲ့ဒီဇိုင်းကိုသုံးမယ်ဆိုရင် မြေကြီးပေါ်မှာရော လှေကားပေါ်ရောသွားလို့ရအောင် ပရိုဂရမ်ထည့်ထားတယ်”ဟု ပရောဂျက်အကြောင်း ရှင်းပြသည်။

အဆိုပါပရောဂျက်ကို မဟာတန်းတက်ရောက်စဉ်ကတည်းက စတင်အကောင်အထည်ဖော် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ရင်းနှီးပေးမည့်သူရှိပါက အပြင်လောကအတွက် အမှန်တကယ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ပါရဂူတန်းကျောင်းသူ မအေးမြမြသူက ပြောကြားသည်။

J-19


  • VIA