News

POST TYPE

EDITOR PICK POST

ဆီးရီးယားပြည်တွင်းစစ်သည် ရာစုနှစ်၏ အဆိုးရွားဆုံးအကျပ်အတည်းဖြစ်လာမည်ကို ကုလသမဂ္ဂစိုးရိမ်၊ ၉ ရက်အတွင်း လူ ၃၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး
13-Sep-2018
ဒမ္မစကတ်၊ စက်တင်ဘာ ၁၂

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများကြောင့် ယခုလ အစောပိုင်း ၉ ရက်အတွင်းလူ ၃၀,၀၀၀ ကျော် နေရာရွှေ့ပြောင်းပေးခဲ့ရပြီး ရာစုနှစ်၏ အဆိုးရွားဆုံး လူသားချင်းစာနမှုဆိုင်ရာ အကျပ်အတည်းဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

အစ်ဒလစ်ဘ်ပြည်နယ်နှင့် ဆက်စပ်ကျေးလပ်ဒေသများမှာ အရေးမလှဖြစ်နေသော ဆီးရီးယားသူပုန်များ၏ လက်ကျန်နယ်မြေများဖြစ်သည်။ ရုရှားအကူအညီရထားသော အစိုးရသည် မကြာသေးမီလများအတွင်း သူပုန်များလက်မှ နယ်မြေအများအပြားကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

သမ္မတဘာရှားအယ်လ်အာဆတ်သည် ယခုအခါ အစ်ဒလစ်ဘ်ကို ပြန်သိမ်းနိုင်ရန် ပြင်ဆင်နေပြီးယခုလအစောပိုင်း ကတည်းက အစိုးရတပ်များသည် လူဦးရေ သိပ်သည်းသောအဆိုပါပြည်နယ်တွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ယင်းလေကြောင်းထိုးစစ်ကြောင့် စက်တင်ဘာလ ၁ ရက်နေ့ မှ ၉ ရက်နေ့ အတွင်းခန့်မှန်းခြေလူ ၃၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (UNOCHA) က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

“မကြာသေးမီရက်ပိုင်းအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို ကျွန်တော်တို့ ပူပန်မိပါတယ်၊ ဒီအခြေအနေကြောင့် အဲဒီနယ်မြေမှာရှိတဲ့ လူ ၃၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါပြီ” ဟု UNOCHA ပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်ဆွမ်ဆန်က AFP သို့ ပြောကြားခဲ့သည်။

အများစုမှာတူရကီနှင့် ဆီးရီးယားမြောက်ပိုင်းနယ်စပ်သို့ တိမ်းရှောင်ကြခြင်းဖြစ်ပြီး အချို့မှာမူရွှေ့ပြောင်းဒုက္ခသည် စခန်းများ၊ အမျိုးများနေထိုင်ရာ နေရာများသို့ ရွှေ့ပြောင်းသူအချို့လည်းရှိပြီး အချို့မှာ အခန်းငှားနေကြသည်ဟု သိရသည်။

နေရာတိုင်းဗုံးကြဲနေသောကြောင့် အစ်ဒလစ်ဘ်တွင် မိသားစုပေါင်းများစွာ နယ်စပ်ဆီ ဦးတည်ထွက်ခွာသွားနေကြပုံကို အခင်းဖြစ်နေရာသို့ ရောက်ရှိနေသော AFP  သတင်းထောက်က သတင်းပို့သည်။

တနင်္လာနေ့တွင် ပြည်နယ်ကို ဖြတ်သန်းသွားသည့် အမြန်လမ်းမကြီးတစ်လျှောက်တွင် မော်တော်ဆိုင်ကယ်များဖြင့် ရွှေ့ပြောင်းနေကြသူများ၊ ခြေကျင်လျှောက်ဖြတ်သန်းနေကြသူများကို ၎င်းတို့ ပိုင်ဆိုင်သည့် သိုးအုပ်များနှင့်အတူ AFP သတင်းထောက်က မှတ်တမ်းတင်နိုင်ခဲ့သည်။

F-03