News

POST TYPE

EDITOR PICK POST

ဘန်ကောက်တွင် ကျင်းပမည့် မြန်မာစစ်ရာဇဝတ်မှုများဆိုင်ရာ ဖိုရမ်ကိုထိုင်းရဲတပ်ဖွဲ့ ပိတ်ပင်တားမြစ်
12-Sep-2018
ဘန်ကောက်၊ စက်တင်ဘာ ၁၁ 

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ ထိပ်ပိုင်းစစ်ဘက် ခေါင်းဆောင်များအား တရားစွဲဆိုရန် သင့်၊ မသင့်ဟူသည့်ကိစ္စအပေါ် အချေအတင်ဆွေးနွေးမည့် ဖိုရမ်တစ်ခုကို ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCC) တွင် တနင်္လာနေ့က ကျင်းပပြုလုပ်ရန် စီစဉ် ခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့က ကျင်းပခွင့်မပြုဘဲ ပိတ်ပင်တားမြစ်လိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်း မြန်မာစစ်ဘက်ခေါင်းဆောင်များအား တရားစွဲဆိုရန် သင့်၊ မသင့် အချေအတင် ဆွေးနွေးပွဲတစ်ရပ်ကျင်းပရန် နိုင်ငံခြားသတင်းထောက်များ ဦးဆောင်စီစဉ်ခဲ့ကြသော်လည်း ထိုင်းအာဏာပိုင်များက တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ 

ဘန်ကောက်မြို့လယ်ရှိ နိုင်ငံခြား သတင်းထောက်များကလပ်တွင် ယင်းဆွေးနွေး ပွဲမကျင်းပမီ ထိုင်းရဲအရာရှိ အနည်းဆုံး ၁၂ ဦးကျော်ခန့် ရောက်ရှိလာပြီး ဖိုရမ်တွင် ပါဝင်ဆွေးနွေးမည့်သူများအနေနှင့် ယင်း ဆွေးနွေးပွဲမပြုလုပ်ရန် အမိန့်ထုတ်လိုက်သည်။ 

အဆိုပါဖိုရမ်တွင် ဗြိတိန်အခြေစိုက် ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းခင်၊ ယခင် ထိုင်းအငြိမ်းစားသံအမတ် ကိုစဘတ်ချာတီကွန်း၊ နိုင်ငံတကာ ဂျူရီတရားသူကြီးများကော်မရှင်မှ ကိုယ်စားလှယ် ကင်စလေအဘောက်တို့က အဓိက ပါဝင်ဆွေးနွေးရန် စီစဉ်ခဲ့ကြပြီး နိုင်ငံခြားသတင်းထောက်များလည်း ဝင်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။ 

ထိုင်းရဲတပ်ဖွဲ့က ယင်းဆွေးနွေးပွဲသည် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်ပြီး နိုင်ငံခြားဆက်ဆံရေးကိုလည်း ဂယက်ရိုက်ခတ်စေနိုင်သလို တတိယအင်အားစုတစ်စုအနေနှင့် မတည်မငြိမ်ဖြစ်အောင် ဖန်တီးနိုင်သည့်အခွင့်အရေး ရရှိသွားနိုင်သောကြောင့် ဆွေးနွေးပွဲဖျက်သိမ်းပေးရန် အမိန့်ထုတ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

တနင်္လာနေ့က နိုင်ငံခြားသတင်းထောက်များကလပ်တွင် ကျင်းပရန်စီစဉ်ထားသည့် ယင်းဖိုရမ်၏ ခေါင်းစဉ်မှာ “မြန်မာဗိုလ်ချုပ်ကြီးတွေ နိုင်ငံတကာစစ်ရာဇဝတ်မှုအတွက် အပြစ်ပေးခံရမှာလား”ဟူ၍ဖြစ်သည်။ 

ထိုင်းရဲမှူး တာဝါကီယတ် ဂျင်ဒါကွန်ဆောင်းက “ကျွန်တော်တို့က အဲဒီဖိုရမ် မကျင်းပဖို့ မေတ္တာရပ်ခံနေတာမဟုတ်ဘူး၊ အဲဒီပွဲကို ဖျက်ပစ်ဖို့ အမိန့်ပေးနေတာ”ဟု ခပ်ပြတ်ပြတ်ပင် ပြောကြားသည်။ 

ဘန်ကောက်ရှိ အဆိုပါ ထိုင်းနိုင်ငံခြားသတင်းထောက်များကလပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒိုမိနစ်ဖောင်ဒါက ယင်းသို့ ထိုင်းအာဏာပိုင်များ၏ တားမြစ်ခြင်းခံရသည့်အတွက် စိတ်ပျက်မိကြောင်း၊ သို့သော် အစီအစဉ်ဖျက်သိမ်းရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ကြောင်း ပြောကြားသည်။ 

ယင်းကိစ္စသည် ထိုင်းစစ်အစိုးရ အာဏာသိမ်းခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း နိုင်ငံခြားသတင်းထောက်များကလပ်က ကျင်းပရန်စီစဉ်ခဲ့သည့် ဆွေးနွေးပွဲများအား ဖျက်သိမ်းပေးရန် အာဏာပိုင်များဘက်က ဆဋ္ဌမအကြိမ်မြောက် ဖိအားပေးမှုဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

F-01



  • VIA