News

POST TYPE

EDITOR PICK POST

လက်ကောက်ပျောက်၍မိဘဆူသဖြင့် တက္ကသိုလ်ကျောင်းသူဧရာဝတီမြစ်ထဲခုန်ချ
11-Sep-2018

ပြည်၊ စက်တင်ဘာ ၁၁

ပြည်မြို့တွင် တက္ကသိုလ်ကျောင်းသူတစ်ဦးသည် လက်ကောက်ပျောက်၍ မိဘဆူသဖြင့် ယနေ့ (စက်တင်ဘာ ၁၁ ရက်) နေ့လယ်ပိုင်းတွင် နဝဒေးတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့ကြောင်း ယင်းတံတားရဲကင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်အတွင်း ခုန်ချသူသည် ပြည်တက္ကသိုလ်၊ ပထဝီဝင်အထူးပြု ပထမနှစ်ကျောင်းသူဖြစ်ပြီး ထိုသို့ခုန်ချသဖြင့် ရဲ၊ မီးသတ်၊ ပရဟိတအဖွဲ့များက မြစ်အတွင်း စက်လှေများဖြင့် ရှာဖွေနေရာ ညနေပိုင်းအထိ မတွေ့ရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နဝဒေးရဲကင်းမှူး ဒုရဲအုပ်သန်းဝင်းက “ရွှေလက်ကောက်ပျောက်တာကို မိဘကဆူလို့ သူနေတဲ့ဆောင်မှာ လက်ဝတ်လက်စားတွေချွတ်၊ ပိုက်ဆံအိတ်ထဲ ချန်ထားခဲ့ပြီး သူ့သူငယ်ချင်းကို တံတားပေါ် ယတြာချေမယ်ဆိုခေါ်သွားပြီး တံတားပေါ်အရောက် ဆိုင်ကယ်ရပ်တော့ ခုန်ချသွားတယ်လို့ သိရတယ်”ဟု ပြောသည်။

လတ်တလောတွင် ရှာမတွေ့သေး၍ အမှုမဖွင့်ရသေးကြောင်း၊ ယခင်နှစ်များအတွင်း နဝဒေးတံတားပေါ်မှ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသူအချို့ မိမိကိုယ်သေကြောင်း ကြံစည်ခုန်ချခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သေးကြောင်း အဆိုပါရဲကင်းမှ သိရှိရသည်။

M-06