News

POST TYPE

EDITOR PICK POST

ဆီးရီးယား အီဒလစ်ဘ် အပစ်ရပ်စဲရေးစာချုပ်အတွက် တူရကီ၏ တိုက်တွန်းမှုကိုရုရှားပယ်ချ
09-Sep-2018


တီဟီရန်၊ စက်တင်ဘာ ၈

ဆီးရီးယားမြောက်ပိုင်း အီဒလစ်ဘ်တွင် သွေးမြေကျမည့် စစ်ပွဲကိုတားဆီးရန် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရေးအတွက် တူရကီက တိုက်တွန်းမှုကို ရုရှားသမ္မတ ပူတင်က ပယ်ချလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

တူရကီ၊ ရုရှား၊ အီရန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သမ္မတပူတင်က အီဒလစ်ဘ်ဒေသရှိ အကြမ်းဖက်သမားများကို ရုရှားက ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

အီဒလစ်ဘ်သည် ဆီးရီးယားသူပုန်တို့၏ နောက်ဆုံးခြေကုတ်နယ်မြေဖြစ်ပြီး နေထိုင်သူသုံးသန်းခန့်ရှိသည်။ ယင်းဒေသကို ရုရှားနှင့်အီရန်တို့၏ ပံ့ပိုးမှုရရှိထားသော အာဆတ်အစိုးရတပ်များက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။

တီဟီရန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲသည် အီဒလစ်ဘ်တွင် အကြီးစားတိုက်ပွဲဖြစ်ပွားမှုကိုတားဆီးရန် နောက်ဆုံးအခွင့်အလမ်းဟု အများစုက ရှုမြင်ထားကြသည်။

တူရကီ၊ ရုရှားနှင့် အီရန်တို့သည် ဆီးရီးယားပြဿနာတွင် အဓိကကဏ္ဍမှ ပါဝင်နေကြသည်။ သူပုန်အုပ်စုအချို့ကို ယခင်ကတည်းက ထောက်ခံအားပေးခဲ့သည့် တူရကီက အီဒလစ်ဘ်တိုက်ပွဲကြောင့် ၎င်း၏ တောင်ဘက်နယ်စပ်တွင် နောက်ထပ်ဒုက္ခသည်ပြဿနာတစ်ခု ထွက်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

တူရကီသမ္မတ အာဒိုဂန်က အီဒလစ်ဘ်ကို သွေးစွန်းသည့် စစ်တလင်းမဖြစ်စေလိုကြောင်း၊ အီဒလစ်ဘ်ကို တိုက်ခိုက်မှုမှန်သမျှ၏ အကျိုးဆက်သည် ကပ်ဘေးဖြစ် လာနိုင်ကြောင်းနှင့် အကြမ်းဖက်သမားများအား ချေမှုန်းသည့်တိုက်ပွဲသည် အချိန်နှင့် စိတ်ရှည်မှုကိုလိုအပ်ကြောင်း ပြောကြားသည်။

သို့ရာတွင် ဆီးရီးယားသမ္မတအာဆတ်၏ မဟာမိတ်များဖြစ်သော ရုရှားနှင့် အီရန်တို့က အီဒလစ်ဘ်မှ ဂျီဟတ်အကြမ်းဖက်အုပ်စုများကို ရှင်းလင်းရမည်ဖြစ်ကြောင်း ခုခံပြောဆိုခဲ့ကြသည်။

F-04