News

POST TYPE

EDITOR PICK POST

ချင်းအလံ အမှတ်အသားကို ဖိနပ်နှင့် ထဘီအဆင်အဖြစ် အသုံးပြုမှု တားမြစ်ပေးရန် တင်ပြမည်
08-Sep-2018

ကလေး၊ စက်တင်ဘာ ၈ 

ချင်းပြည်နယ်၏ အလံအမှတ်အသားဖြစ်သည့် အောက်ချင်းငှက်ပုံနှင့် ချင်းရိုးရာ စောင်များ၏ ပုံစံအတိုင်း ဖိနပ်ထုတ်လုပ် စီးနင်းနေမှုနှင့် ထဘီအဖြစ် ပုံစံဖော်ဝတ်ဆင်နေမှုတို့ကို တားမြစ်ပေးရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းပြည်နယ်လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း ချင်းရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီမှ ဦးအွမ်းနိုင်းက ပြောကြားသည်။

လွန်ခဲ့သည့် ၆ လခန့်မှစ၍ ချင်းရိုးရာစောင်နှင့် အောက်ချင်းငှက်ပုံပါ ဖိနပ်များနှင့် ထဘီများကို ရောင်းချခြင်း၊ ဝတ်ဆင်ခြင်းပြုလုပ်ပါက သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခြင်း၊ ရောင်းချခြင်း၊ ဝတ်ဆင်ခြင်း မပြုလုပ်ရန် အသိပညာပေးလျက်ရှိသော်လည်း အသုံးပြုဝတ်စားဆင်ယင်မှုများ ရှိနေသည့်အတွက် ထုတ်လုပ်ရောင်းချမှု ပြုလုပ်နိုင်ခြင်းမရှိစေရေး အစိုးရအဖွဲ့က တားမြစ်ပိတ်ပင်နိုင်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ချင်းပြည်နယ်လွှတ်တော်ထံ လာမည့်နိုဝင်ဘာလတွင် တင်ပြနိုင်ရေး စာတမ်းပြုစုလျက်ရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

“ရိုးရာစောင်ဆိုတာက အရင်တုန်းက ချင်းတိုင်းရင်းသားမင်းမျိုးမင်းနွယ် စော်ဘွားတွေက ဝတ်ရုံအဖြစ် အလေးအနက်ထား ဝတ်ဆင်ကြတယ်။ အခုကျတော့ ဒီဟာကို အရောင်တူ ဖိနပ်မှာ ဝတ်လာတဲ့အခါကျတော့ ဝတ်ရုံတော်တစ်ခုကို ဖိနပ်စီးခြင်းအားဖြင့် ရိုးရာဓလေ့ကို စော်ကားခံရတာဖြစ်တယ်”ဟု ဦးအွမ်းနိုင်းက ပြောဆိုသည်။

ယင်းသို့ပုံစံ ပြုလုပ်ဝတ်ဆင်ခြင်းသည် ဒီဇိုင်နာများ၏ ဆန်းသစ်တီထွင်မှု ဖြစ်သော်လည်း တိုင်းရင်းသားများအနေနှင့် လက်မခံနိုင်ကြကြောင်း၊ ယင်းကြောင့် လက်ရှိအချိန်တွင် ထုတ်လုပ်ရောင်းချမှု မပြုလုပ်သင့်ဘဲ ပြည်သူများလက်မခံသည့်အရာကို ချင်းပြည်နယ်အတွင်း ထုတ်လုပ်ရောင်းချ ဝတ်ဆင်မှု မပြုလုပ်ရေးမှာ လိုအပ်သည့်အချက် ဖြစ်သည့်အတွက် ပြည်နယ် အစိုးရအနေနှင့်လည်း အမျိုးသားရေး လက္ခဏာတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်သင့်ကြောင်း မင်းတပ်မြို့ခံ ဆလိုင်းမာန်ဟုန်က သုံးသပ်ပြောကြားသည်။

R-20