News

POST TYPE

EDITOR PICK POST

ကလေးစစ်သားဟောင်း အောင်ကိုထွေးကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ (၇) ဖြင့် စွဲချက်တင်
05-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၅ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်ကို တက်နင်းခြင်းမှာ ဖျက်ဆီးသည့်သဘော သက်ရောက်စေသည့်အတွက် ကလေးစစ်သားဟောင်း အောင်ကိုထွေးကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ (၇) ဖြင့် စွဲချက်တင် စစ်ဆေးရန် စက်တင်ဘာလ ၅ ရက်နေ့က ဗိုလ်တထောင်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။ 

စွဲချက်တင် အမိန့်ချမှတ်ခံရသူ ကိုအောင်ကိုထွေးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ တရားရုံး မထီမဲ့မြင် ပြုမှု ပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ၆ လ တို့ကို ကျခံစေရန် အမိန့်ချမှတ်ခံထားရပြီးဖြစ်သည်။ 

ကလေးစစ်သားဟောင်း အောင်ကိုထွေးမှာ ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ဒဂုံဆိပ်ကမ်း မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့စဉ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်ကို တက်နင်းခဲ့ခြင်းကြောင့် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ ပုဒ်မ (၇)ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်ထံမှ သိရသည်။ 

ယင်းအမှုတွင် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ရာ၌ အမှုအကြောင်းအရာနှင့်ပတ်သက်၍ ထွက်ဆိုချက်များ ရှိခဲ့သော်လည်း မြို့နယ်တရားသူကြီးက ယခင်စွဲဆိုထားသည့် ပုဒ်မဖြင့်သာ စွဲချက်တင်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မဝင်းသိင်္ဂီထွန်းက ပြောသည်။

ယင်းအမှုမှ ပြန်ခေါ်သက်သေနှစ်ဦးကိုစစ်ဆေးရန် စက်တင်ဘာလ ၁၁ ရက်နေ့သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုထားကြောင်း ဗိုလ်တထောင် မြို့နယ်တရားရုံးထံမှ သိရသည်။ ကလေးစစ်သားဘဝ ကိုယ်တွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်များကို သတင်းမီဒီယာတစ်ခုတွင် ကိုအောင်ကိုထွေးက အင်တာဗျူး ဖြေကြားခဲ့ပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၂၂၈ တို့ဖြင့် ထောင်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခံရသူ ကိုအောင်ကိုထွေးမှ ၎င်း၏ဖြစ်စဉ် သာဓကများမှာ ကလေးစစ်သားအဖြစ် စုဆောင်းခံထားရသူများကို အမှန်တိုင်း ထုတ်မပြောရဲအောင် တပ်မတော်က ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ 

S-03