POST TYPE

EDITOR PICK POST

မှော်ဘီတွင် အရက်ဖိုးတောင်းသည့် ခင်ပွန်းကို ဇနီးက ဓားမဖြင့်ခုတ်
31-Aug-2018

ရန်ကုန်၊ ဩဂုတ် ၃၀

မှော်ဘီမြို့နယ်၊ ရေတာရှည်ကျေးရွာတွင် ဩဂုတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က အရက်ဖိုးတောင်းသည့် အသက် ၄၅ နှစ်အရွယ် ခင်ပွန်းကို အသက် ၅၀ အရွယ် ဇနီးဖြစ်သူက ကိုင်းခုတ်ဓားမဖြင့် ခုတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဓားခုတ်ခံရသူ ဦးချစ်ကို ယင်းနေ့က အရက်သေစာသောက်စား မူးယစ်ပြီး နေအိမ်သို့ ပြန်လာကာ အရက်ဖိုးပိုက်ဆံ တောင်းသဖြင့် လင်မယားနှစ်ဦး စကားများရန်ဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်လေးချိုက အရိုးအသွား ၃ ပေ တစ်လက်မခန့်ရှိ ဝါးရိုးတပ်ကိုင်းခုတ်ဓားဖြင့် လေးချက်ဆင့်ခုတ်ရာ ဦးချစ်ကိုတွင် ဦးခေါင်းထိပ် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်၊ ညာပေါင်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ညာခြေသလုံးပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိကာ ဝါးနက်ချောင်း တိုက်နယ်ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဆေးရုံတင်တုန်းက စိုးရိမ်ရနဲ့ တင်ခဲ့ပေမယ့် ဒီနေ့တော့ ဒဏ်ရာက သက်သာလာတယ်လို့ သိရတယ်။ မိန်းမဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်တယ်၊ ယောကျာ်းဖြစ်သူက အလုပ်မရှိဘဲ အရက်သောက်နေတာ။ အခုလည်း အိမ်ပြန်လာပြီး အရက်ဖိုးတောင်းတော့ မပေးရာက စကားများဖြစ်ကြတာပါ”ဟု အမှုဖွင့်တိုင်တန်းချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားခုတ်မှု ကျူးလွန်သည်ဟုဆိုသော အသက် ၅၀ အရွယ် ဒေါ်လေးချိုကို ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ် စစ်ဝင်းအောင်က အမှုဖွင့်တိုင်တန်းသဖြင့် မှော်ဘီ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။ 

J-16