News

POST TYPE

EDITOR PICK POST

ဆီးရီးယားနှင့် အီရတ်သို့ ဘေးကင်းမှုနှင့် ငြိမ်းချမ်းမှု ဆောင်ကြဉ်းပေးမည်ဟု တူရကီသမ္မတပြောကြား
28-Aug-2018


အန်ကာရာ၊ ဩဂုတ် ၂၇

တူရကီထိန်းချုပ်မှုအောက်တွင်မရှိသော ဆီးရီးယားနယ်မြေများနှင့် အီရတ်နိုင်ငံကို ဘေးကင်းမှုနှင့် ငြိမ်းချမ်းမှု ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး ယင်းဒေသများတွင် အကြမ်းဖက်အဖွဲ့များကို ဖယ်ရှားသွားမည်ဟု တူရကီသမ္မတအာဒိုဂန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားရှိ သူပုန်အုပ်စုအချို့ကို ထောက်ပံ့ပေးနေသော တူရကီသည် ပြဿနာကို နိုင်ငံရေးအရဖြေရှင်းနိုင်ရန် အီရတ်နိုင်ငံ၊ ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ခံအားပေးနေသည့် ရုရှားနိုင်ငံတို့နှင့်အတူ လုပ်ဆောင်လျက်ရှိသည်။

တူရကီသည် ယနေ့အထိဆီးရီးယား နယ်စပ်တစ်လျှောက် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးနှစ်ခုကို လုပ်ဆောင်ခဲ့ပြီး ဆီးရီးယားမြောက်ပိုင်း အီဒလစ်ဘ်တွင် စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေးစခန်းများကို တည်ဆောက်ထားသည်။

သူပုန်ထိန်းချုပ်နယ်မြေ အီဒလစ်ဘ်သည် အင်အားကြီးဂျီဟတ်အုပ်စုများ အပါအဝင် အခြားနယ်မြေများမှ ဆုတ်ခွာရွှေ့ပြောင်းလာသော သူပုန်များနှင့် အရပ်သားများ ခိုလှုံရာနယ်မြေတစ်ခုဖြစ်ပြီး ယခုလအတွင်း လေကြောင်းတိုက် ခိုက်မှုများနှင့် အမြောက်ပစ်ခတ်မှုဒဏ်ကို ခံနေရသည်။

အဆိုပါတိုက်ခိုက်မှုများသည် ကပ်ဘေးဆိုက်မှုဖြစ်နိုင်သည်ဟု တူရကီက သုံးသပ်ထားသော ဆီးရီးယားအစိုးရတပ် အကြီးစားထိုးစစ်၏ ရှေ့ပြေးလက္ခဏာဖြစ်သည်။

တူရကီအရှေ့တောင်ပိုင်း မာ့စ်ပြည်နယ်တွင် ကျင်းပသော ၁၀၇၁ မန်ဇီကပ်စစ်ပွဲ အထိမ်းအမှတ်အခမ်းအနားတွင် အီရတ်နှင့် ဆီးရီးယားသို့ လုံခြုံမှုနှင့်ဘေးကင်းမှု ဆောင်ကြဉ်းပေးမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဒိုဂန်က ဒေသတွင်းပဋိပက္ခများနှင့် တူရကီ၏ လက်ရှိငွေကြေးအကျပ် အတည်းတို့ကို အတိတ်က အနာတိုလီယာ ကျူးကျော်စစ်နှင့် ဆက်စပ်သုံးသပ်ပြခဲ့ပြီး ယင်းပြဿနာသည် ဘေးပတ်လည်ဒေသများကိုပါ ပြိုလဲသွားစေနိုင်သည်ဟု သတိပေးပြောဆိုသည်။

“ဒီနေ့ ကျုပ်တို့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေရဲ့ နောက်ကွယ်ကလတ်တလော အကြောင်းရင်းတွေကို ရှာနေသူတွေဟာ လမ်းလွဲနေပါတယ်။ ဒီနေ့ရင်ဆိုင်နေရတဲ့ တိုက်ခိုက်မှုတွေဟာ အတိတ်ကအမြစ်တွယ်ခဲ့တာပါ။ အနာတိုလီယာဟာတံတိုင်းတစ်ခုဆိုတာ မမေ့ကြပါနဲ့။ ဒီတံတိုင်းပြိုသွားရင် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဗဟိုအာရှ၊ ဘောလ်ကန်နဲ့ ကော့ကေးဆပ်ဆိုတာရှိ တော့မှာမဟုတ်ပါဘူး”ဟု အာဒိုဂန်က ပြောကြားသည်။

တူရကီ၏ လိုင်ယာငွေသည် ယခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပြီး အမေရိကန်နှင့် အငြင်းပွားမှုသည် လိုင်ယာငွေအပေါ်တွင် ဖိအားများကျရောက်ခဲ့သည်။

သမ္မတအာဒိုဂန်ကဝါရှင်တန်သည် တူရကီတွင် ဖမ်းဆီးခံနေရသော အမေရိကန်ဘုန်းကြီး အန်ဒရူးဘရန်ဆန်ကိစ္စနှင့်ပတ်သက်၍ တူရကီကို ပစ်မှတ်ထားနေသည်ဟု စွပ်စွဲလိုက်ပြီး ဤပြဿနာသည် အာဒိုဂန်နှင့် အေကေပါတီ၏ ကိစ္စသက်သက်မဟုတ်ဘဲ တူရကီ၏ကိစ္စဖြစ်သည်ဟု ပြောဆိုကာ အမျိုးသားရေးလှုံ့ဆော်မှု ပြုလုပ်ခဲ့သည်။  

F-04


  • VIA