News

POST TYPE

EDITOR PICK POST

ဓာတုလက်နက်တိုက်ခိုက်မှု ပြုလုပ်ရန် ဆီးရီးယားသူပုန်များ ကြံစည်နေသည်ဟု ရုရှားစွပ်စွဲ
27-Aug-2018
မော်စကို၊ ဩဂုတ် ၂၆

ဆီးရီးယားသူပုန်များသည် ဓာတုလက်နက် တိုက်ခိုက်မှုပြုလုပ်ကာ ဆီးရီးယားအစိုးရအပေါ် အပြစ်ပုံချရန် ကြံစည်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားဂျီဟတ်အုပ်စု Levant Liberation Committee သည် အနောက်မြောက်ပိုင်းအီဒလစ်ဘ်တွင် အရပ်သားများကို အစိုးရတပ်များက နောက်ထပ် ဓာတုလက်နက် အသုံးပြုတိုက်ခိုက်သည်ဟူသော ဖြစ်ရပ်ကိုဖန်တီးရန် ကြံစည်ပြင်ဆင်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို နာရှင်ကော့ဖ်က အမည်မဖော်သော ဇာစ်မြစ်များကို ကိုးကားကာ စနေနေ့က ပြောကြားခဲ့သည်။

ကလိုရင်းဓာတ်ငွေ့ ဖြည့်ထားသောဘူးများကို ဂျီဆာအယ်လ်ရှူဂါမြို့သို့ ဦးစွာပေးပို့ခဲ့ပြီး ထို့နောက် အနီးအနားမှ ကျေးရွာတစ်ရွာသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် စစ်သွေး ကြွများကို ဗြိတိသျှ ပုဂ္ဂလိကကန်ထရိုက် တာတစ်ဦးက ကူညီပေးနေကြောင်းရုရှား စစ်ဖက်က စွပ်စွဲပြောဆိုသည်။

စစ်သွေးကြွများသည် နာမည်ကျော် ခမောက်ဖြူအဖွဲ့၏ ဝတ်စုံကိုဟန်ဆောင် ဝတ်ဆင်ကာ ဓာတုလက်နက် တိုက်ခိုက်ခံရမှုတွင် ဘေးသင့်သူများကိုကယ်ဆယ်မှု ပြုလုပ်ရန် အစီအစဉ်ရှိနေသည်ဟု ရုရှား စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားသည်။

ဆီးရီးယားအစိုးရ ပစ်မှတ်များကို အမေရိကန်၊ ယူကေ၊ ပြင်သစ်တို့က လေကြောင်းမှ တိုက်ခိုက်ရန် နောက်ထပ် အကြောင်းပြချက်တစ်ခု ဖြစ်လာမည့် အဆိုပါကြံစည်မှုတွင် ဗြိတိသျှအထူးထောက်လှမ်းရေးအဖွဲ့က ထိထိရောက်ရောက် ပါဝင်ပတ်သက်နေသည်ဟုကို နာရှင်ကော့ဖ်က စွပ်စွဲပြောကြားသည်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘောလ်တန်ကဆီးရီးယား အစိုးရအား ဓာတုလက်နက် အသုံးမပြုရန် သတိပေးခဲ့ပြီးအကယ်၍ အသုံးပြုခဲ့ပါက ဝါရှင်တန်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု ပြောဆိုခဲ့ပြီးနောက် ရက်အတန်ကြာတွင် ကရင်မလင်၏ စွပ်စွဲမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံဒိုမာတွင် အာဆတ်အစိုးရတပ်များက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလတွင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်တပ်များက ပူးတွဲလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

ရုရှားက ဆီးရီးယားအစိုးရကို ကာကွယ်ရပ်တည်ပေးခဲ့ပြီး ယူကေနိုင်ငံခြားရေးဌာနနှင့် အနောက်အုပ်စုအစိုးရများထံမှ အထောက်အပံ့ရနေသော ခမောက်ဖြူအဖွဲ့က ဒိုဟာတိုက်ခိုက်မှုကို ပြုလုပ်ခြင်းဖြစ်သည်ဟု တုံ့ပြန်ရှင်းလင်းခဲ့သည်။

F-04