News

POST TYPE

EDITOR PICK POST

ဘရာဇီးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်သည့် ဒုစရိုက်သမား ရာပေါင်းများစွာကို ရဲတပ်ဖွဲ့ နှိမ်နင်း
27-Aug-2018


ဘရာဇီးလီးယား၊ ဩဂုတ် ၂၆

ဘရာဇီးနိုင်ငံတွင် အမျိုးသမီးများကို အကြမ်းဖက်မှုနှင့် တိုက်ခိုက်သတ်ဖြတ်မှု ကျူးလွန်သူများကို ရဲတပ်ဖွဲ့က စီမံချက်ဖြင့် ပစ်မှတ်ထားနှိမ်နင်းခဲ့ရာ အမျိုးသား စုစုပေါင်း ၁၀၀၀ ကျော်ခန့် ဖမ်းဆီးထိန်း သိမ်းခံလိုက်ရကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဘရာဇီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သောကြာနေ့က နိုင်ငံတစ်ဝန်းတွင် စတင်ခဲ့သော ယင်းစစ်ဆင်ရေးအတွင်း လူပေါင်း ၁၀၀၀ ကျော်ခန့်ကို ဖမ်းဆီးနိုင်ခဲ့ သည်ဟု ဆိုသည်။ အမျိုးသမီးများကို သတ်ဖြတ်ခြင်း၊ အကြမ်းဖက်တိုက်ခိုက် ခြင်း အစရှိသည့် ပြစ်မှုကျူးလွန်ခဲ့သူများကို ပစ်မှတ်ထား ဖမ်းဆီးနှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ 

ဒခရိုနိုဒဟုအမည်ရသည့် ယင်းစစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၆၆၀၀ ကျော်ပါဝင်ခဲ့ပြီး ပြည်နယ်ပေါင်း ၁၆ ခု တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

“ကျွန်တော်တို့အတွက် အဓိကပြဿနာက ဘဝကာကွယ်ပေးရေးနဲ့ အာမခံပါပဲ။ အားလုံးထက်ပိုပြီး အရေးကြီးတာက အမျိုးသမီးတွေ သတ်ဖြတ်ခံရတာကို ကာကွယ်နှိမ်နင်းဖို့ပဲ။ အမျိုးသမီးတွေ သတ်ဖြတ်ခံရတယ်ဆိုတာ လုံးဝကို လက်သင့်ခံစရာမရှိတဲ့ ရာဇဝတ်မှုပဲ” ဟု အများ ပြည်သူလုံခြုံရေးဝန်ကြီး ရာအူးယွန်မန်းက ပြောကြားသည်။ 

“တချို့ရာဇဝတ်မှုတွေ ဆိုးရွားလွန်း သလို ရွံရှာစရာလည်းကောင်းပါတယ်၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေပေါ့” ဟု ၎င်းက ပြောကြားသည်။ 

ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းမှု ၁၀၂၇ မှုပြုလုပ်ခဲ့ရာ ၂၂၅ မှုမှာ လူသတ်မှု ဖြစ်ပြီး ၂၂၄ မှုမှာ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုဖြစ်သည်ဟု သိရသည်။ ၄၂၁ မှုမှာ တိုက်ခိုက်လုယက်မှုများဖြစ်သည်။ 

အာဏာပိုင်များအဆိုအရ အဆိုပါ စစ်ဆင်ရေးသည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ 

ဝန်ကြီးရာအူးယွန်မန်း၏ အဆိုအရ ရဲတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများကို အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော ရာဇဝတ်သားများကို ဖမ်းဆီးထိန်းသိမ်းရန် တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ 

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှုအများဆုံးဖြစ်ပွားသည့် နိုင်ငံများစာရင်း၌ ပါဝင်သည်။ လူသတ်မှုအများစုမှာ မူးယစ်ရာဇာဂိုဏ်းများနှင့် ဒုစရိုက်ဂိုဏ်းများကြောင့် ပေါ်ပေါက်နေခြင်းဖြစ်သည်။ ရီယိုဒီဂျနေယိုးတွင် ဖြစ်ပေါ်ခဲ့သောဆူပူအုံကြွမှုများကိုထိန်းသိမ်းရန် သမ္မတမစ်ရှဲတီမာက ဘရာဇီးစစ်တပ်ကို အာဏာကုန် လွှဲအပ်ခဲ့သည်။

F-01