News

POST TYPE

EDITOR PICK POST

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းသော အစားအစာများသည် လူ့သက်တမ်းကို လျော့ကျစေနိုင်
19-Aug-2018


ဝါရှင်တန်၊ ဩဂုတ် ၁၈

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းသော အစားအစာများသည် လူ့သက်တမ်းကို လေးနှစ်ခန့် လျော့စေနိုင်သည်ဟု အမေရိကန် သုတေသန အစီရင်ခံစာတစ်စောင်က တင်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

Atkins ကဲ့သို့သော ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းသော အစားအစာများသည် ကိုယ်အလေးချိန် လျှော့ချရာတွင် ပိုမိုရေပန်းစားနေပြီးအချို့ရောဂါများ ဖြစ်မည့်အန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း အထောက်အထားများ ရှိနေသော်လည်း ၂၅ နှစ်ကြာ လေ့လာခဲ့သော အမေရိကန်သုတေသနတစ်ခုက ကာဘိုဟိုက်ဒရိတ် အလယ်အလတ် ပါဝင်သော အစားအစာများစားသုံးခြင်း သို့မဟုတ် အပင်မှရသော ပရိုတိန်းနှင့်အဆီကို အသားအစား ပြောင်းလဲစားသုံးခြင်းသည် ကျန်းမာရေးအတွက် ပိုကောင်းကြောင်း ထောက်ပြထားသည်။

အဆိုပါသုတေသနသည် စားသုံးသည့် ကာဘိုဟိုက်ဒရိတ်ပမာဏကို သိရှိသူများအပေါ် လေ့လာထားခြင်းဖြစ်သည်။ ၂၅ နှစ်ကြာလေ့လာမှုအရ ကာဘိုဟိုက်ဒရိတ် အလယ်အလတ် စားသုံးခြင်းသည် လျှော့စားခြင်း၊ ပိုစားခြင်းတို့ထက် အသက်ဘေးအန္တရာယ် အနည်းငယ်လျော့နည်းကြောင်း တွေ့ရှိထားသည်။

ကာဘိုဟိုက်ဒရိတ်ကို ထမင်း၊ ပေါင်မုန့်၊ အာလူး၊ ခေါက်ဆွဲစသော ကစီဓာတ်များသော အစာများမှ အများဆုံးရရှိပြီး ဟင်းသီးဟင်းရွက်၊ သစ်သီး၊ သကြားတို့မှလည်း ရရှိနိုင်သည်။

အသက် ၅၀ အရွယ်တွင် ရှိနေသော ကာဘိုဟိုက်ဒရိတ် အလယ်အလတ် စားသုံးသူများသည် နောက်ထပ် ၃၃ နှစ်ခန့် နေထိုင်နိုင်ခြေရှိသည်ဟု သုတေသနပညာရှင်များက ခန့်မှန်းသည်။

ကာဘိုဟိုက် ဒရိတ်ကိုအလယ် အလတ်စားသုံးသူများသည် အလွန်အမင်း လျှော့စားသူများထက် ၄ နှစ်ခန့်၊ သာမန်လျှော့စားသူများထက် ၂ နှစ်ခန့်၊ ပိုစားသူများထက် ၁ နှစ်ခန့် အသက်ပိုရှည်နိုင်သည်ဟု ဆိုသည်။

ထို့ပြင် အမဲ၊ သိုး၊ ဝက်၊ ကြက်နှင့် ဒိန်ခဲကို ပိုမိုစားသုံးခြင်းသည် အသက်ဘေး အန္တရာယ်ပိုများလာခြင်းနှင့် ဆက်နွှယ်နေပြီး ပဲနှင့် အခွံမာသစ်စေ့များကဲ့သို့သော အပင်အခြေပြု ပရိုတိန်းနှင့် အဆီများ ပြောင်းလဲစားသုံးမှုသည် အသက်ဘေးကို လျော့ကျစေသည်ဟု ပညာရှင်များက တွေ့ရှိခဲ့သည်။

သုတေသနအဖွဲ့တွင် ပါဝင်သူ ဘော့စတွန်အမျိုးသမီးဆေးရုံကြီးမှ နှလုံးသွေးကြောဌာနပါမောက္ခ ဒေါက်တာဆာရာ ဆိုက်ဒယ်မန်က “မြောက်အမေရိကနဲ့ ဥရောပမှာရေပန်းစားနေတဲ့ တိရစ္ဆာန်အသားကို အခြေပြုတဲ့ကာဘိုဟိုက်ဒရိတ်လျှော့ အစားအစာတွေဟာ လူ့သက်တမ်းတိုတာနဲ့ ဆက်စပ်နေပါတယ်။ တကယ်လို့ ကာဘိုဟိုက်ဒရိတ် လျှော့ချင်တယ်ဆိုရင် အသားပရိုတိန်းထက် အပင်အခြေပြု ပရိုတိန်းနဲ့ အဆီကို ပြောင်းလဲစားသုံးသင့်ပါတယ်” ဟု ပြောကြားသည်။

သို့ရာတွင် အဆိုပါတွေ့ရှိချက်သည် အကြောင်းရင်းနှင့် ဆိုးကျိုးသက်ရောက်မှုကို တိကျစွာဖော်ပြနိုင်ခြင်းထက် တစ်ဦးချင်းထံမှရရှိသော အချက်အလက်များကိုသာ လေ့လာတင်ပြထားခြင်းဖြစ်သောကြောင့် အကန့်အသတ်ရှိသည်ဟု ပြောကြားသည်။

သုတေသနအဖွဲ့တွင် မပါဝင်သော ကင်းဘရစ်ချ် တက္ကသိုလ်မှ ပါမောက္ခ နီတာဖိုရူဟီကမူ “ဒီသုတေသနကပေးတဲ့ အဓိကမက်ဆေ့ချ်ကတော့ အစာအာဟာရတွေအပေါ်မှာ အဓိကထားရုံနဲ့ မလုံလောက်ဘူးဆိုတဲ့အချက်ပါပဲ။ ကာဘိုဟိုက်ဒရိတ် လျှော့တဲ့အခါ အသားကရတဲ့ ပရိုတိန်းအစား ပဲကရတဲ့ ပရိုတိန်းကို ပြောင်းလဲစားသုံးရင်တော့ ကောင်းကျိုးတွေ ရရှိနိုင်တာပေါ့” ဟု မှတ်ချက်ပေးသည်။

အင်္ဂလန် လူထုကျန်းမာရေးဌာနမှ ဒေါက်တာ အယ်လီဆင်တက်စတုန်းက “အဆီဓာတ်များတဲ့ အသားနဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့ချရင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အပါအဝင် အမျှင်ဓာတ်များတဲ့ ကစီဓာတ်အစားအစာတွေ စားသုံးမယ်ဆိုရင် နေ့စဉ်လိုအပ်တဲ့ စွမ်းအင်ရဲ့ ထက်ဝက်လောက်ကို ဖြည့်ဆည်းပေးပါတယ်” ဟု ပြောကြားသည်။

F-04