News

POST TYPE

EDITOR PICK POST

စစ်ကိုင်းတိုင်းဘဏ္ဍာရေးဝန်ကြီးကားကို ကျောက်သယ်ယာဉ်ဝင်တိုက်
17-Aug-2018
မန္တလေး၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးလိုက်ပါလာသော ကားကို ကျောက်တင်ကားတစ်စီးက ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်က ဝင်တိုက်မိခဲ့ကြောင်း တင်းတိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောကြားသည်။

စစ်ကိုင်းမြို့ တင်းတိမ်ရပ်ကွက် စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်တွင် တိုက်မိခြင်းဖြစ်ကြောင်း၊ ကျောက်တင်ယာဉ်သည် HiJet ယာဉ်ကို ဦးစွာဝင်ရောက်တိုက်မိခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ဘဏ္ဍာရေးဝန်ကြီးလိုက်ပါလာသည့် ကားကို ထပ်တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားနောက်ပိုင်း ပျက်စီးသွားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ဝန်ကြီးက ဒုသမ္မတခရီးစဉ်ရှိလို့ သွားတာလို့သိရတယ်။ အဲ့ဒီမှာ တိုက်မိတာ။ ဝန်ကြီးကတော့ ဘာမှမဖြစ်ပါဘူး။ ခေါင်းမှာ ပွန်းပဲ့တာလောက်ပဲ ရှိပါတယ်။ ကြီးကြီးမားမားထိတာတော့ မတွေ့ရဘူး”ဟု ဦးကျော်နိုင်က ရှင်းပြသည်။ 

ကျောက်သယ်ယာဉ်သည် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးလိုက်ပါလာသောကားနှင့် ဘေးချင်းပွတ်မိရုံသာဖြစ်ကြောင်း၊ ဝန်ကြီးအနေနှင့်လည်း ထိခိုက်မှုမရှိသောကြောင့် ကျောက်သည်ယာဉ်မောင်းကို အရေးယူထားခြင်းမရှိကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။  

M-04


  • VIA