News

POST TYPE

EDITOR PICK POST

ဂါဇာဒေသတွင် လုံးဝ အပစ်ရပ်သဘောတူညီချက်ရရှိရေး အစ္စရေးဝန်ကြီးချုပ် တောင်းဆို၊ ဟားမတ်စ်ကို ဖြုတ်ချပစ်နိုင်မည့်အနေအထားသို့ ရောက်ရှိဟု သတင်းထွက်
14-Aug-2018


ဂျေရုဆလင်၊ ဩဂုတ် ၁၃

ဂါဇာဒေသရှိ ဟားမတ်စ်ခေါင်းဆောင်များထံမှ ပြည့်ဝသည့် အပစ်အခတ်ရပ်စဲမှု ရရှိရန် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နေ တန်ညာဟုက တောင်းဆိုလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂါဇာနှင့်အစ္စရေးတို့အကြား ပြင်းထန်သည့် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လူသိရှင်ကြား ထင်မြင်သုံးသပ်ချက်ပေးရာ၌ ဝန်ကြီးချုပ်နေတန်ညာဟုက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခင်က ကုလသမဂ္ဂအရာရှိကြီးများနှင့် အီဂျစ်နိုင်ငံတို့က အစ္စရေးနှင့် ဟားမတ်စ်အကြား ရေရှည်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ပေးခဲ့မှုများ ရှိခဲ့သော်လည်း အစ္စရေးအရာရှိကြီးများက ယင်းကြိုးပမ်းချက်များကို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုမှုမပြုခဲ့သလို ထင်မြင်သုံးသပ်ချက်လည်း မပေးခဲ့ကြပေ။ 

ပြီးခဲ့သည့် ဇူလိုင်လက စတင်ကာ အစ္စရေးနှင့် ဂါဇာရှိဟားမတ်စ်အုပ်စုအကြား တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့သည်။ 

“ဂါဇာဒေသက အကြမ်းဖက်လက်နက်ကိုင်တွေကို ကျွန်တော်တို့ တိုက်ခိုက်ချေမှုန်းနေဆဲပါ။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကတော့ ရှင်းပါတယ်၊ လုံးဝအပစ်ရပ်စဲရေးပါပဲ။ အဲဒီဟာထက်လျော့နည်းမယ်ဆိုရင်တော့ ကျွန်တော်တို့ စိတ်တိုင်းမကျနိုင်ပါဘူး” ဟု နေတန်ညာဟုက ကက်ဘိနက် အစည်းအဝေးပွဲတွင် ပြောကြားသည်။ 

“အဲဒီမီးတောက်ဟာ တစ်ခါတည်း ငြှိမ်းလို့တော့ ငြိမ်းသွားမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ယခုအချိန်အထိ ဟားမတ်စ်စစ်သွေးကြွတို့၏ စစ်ဘက်ဆိုင်ရာပစ်မှတ် ရာပေါင်းများစွာကို အစ္စရေးတို့က ဖျက်ဆီးချေမှုန်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှုတစ်ခေါက် ပြုလုပ်သည့်အခါတိုင်း ဟားမတ်စ်တို့ဘက်တွင် ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှုကြီး ပေါ်ပေါက်ရကြောင်း ၎င်းက ဆိုသည်။ 

ဝန်ကြီးချုပ် နေတန်ညာဟုသည် ဟားမတ်စ်တို့အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် နိုင်ငံရေးအရ ဖိအားပေးမှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ သို့သော်လည်း အစ္စရေးရော ဟားမတ်စ်တို့ကပါ ၂၀၀၈ ခုနှစ်နောက်ပိုင်း စတုတ္ထအကြိမ်မြောက် စစ်ပွဲထပ်မံဖြစ်ပွားမည်ကို မလိုလားကြပေ။ 

ဂါဇာနယ်စပ်ဒေသ ဆန္ဒပြမှုများနှင့် ပဋိပက္ခအတွင်း အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း သုံးဦးသေဆုံးမှုရှိခဲ့သော်လည်း ပြီးခဲ့သည့် ကြာသပတေးနေ့ညက တရားဝင်မဟုတ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ပေါ်ပေါက်ခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ သို့သော် အဆိုပါသတင်းနှင့် ပတ်သက်၍ အစ္စရေးတို့က မဟုတ်မမှန်ကြောင်း ကြေညာသည်။ 

အစ္စရေးအစိုးရအရာရှိကြီးတစ်ဦးကမူ အစ္စရေးတို့အနေနှင့် ဂါဇာဒေသတွင် စစ်ပွဲစတင်ဖြစ်ပွားလာမည်ကို မလိုလားကြောင်း၊ သို့သော် ဟားမတ်စ်ခေါင်းဆောင်များကို ဖြုတ်ချပစ်ရေးမှာ အစ္စရေးတို့အတွက် မလွဲမသွေရွေးချယ်ရမည့် နည်းလမ်းပင်ဖြစ်ကြောင်း ပြောကြားသည်။ 

အစ္စရေးစွမ်းအင်ဝန်ကြီး ယူဗယ်စတိုင်က ဟားမတ်စ်အုပ်စုကို ဖြိုချရန် အနီးကပ်ဆုံးသော အခြေအနေထဲသို့ အစ္စရေး ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသွားသည်။

F-01