News

POST TYPE

EDITOR PICK POST

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး စီစဉ်သူများကို လူငယ်အဖွဲ့အစည်း ၁၂ ဖွဲ့က ကန့်ကွက်စာထုတ်
12-Aug-2018


မန္တလေး၊ ဩဂုတ် ၁၁

မန္တလေးတက္ကသိုလ်အတွင်း ကျင်းပလျက်ရှိသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် လူငယ်အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မပြုခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း လူငယ်အဖွဲ့အစည်း ၁၂ ဖွဲ့က ယင်းအခမ်းအနားဖွင့်ပွဲနေ့၌ပင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ပွဲစီစဉ်သူတွေကို ရှုတ်ချတာဖြစ်တယ်။ စကားဝိုင်းမှာ ဆွေးနွေးမယ့်သူတွေက ကျောင်းသားတွေပဲဖြစ်နေတယ်။ ပြင်ပက လူငယ်အဖွဲ့အစည်းတွေကို ထည့်သွင်းမပေးဘူး။ နောက်တစ်ခု ပွဲတော်အတွင်းမှာဆိုရင်လည်း ဌာနဆိုင်ရာပြခန်းတွေနဲ့ စာအုပ်ဆိုင်တွေများနေတယ်။ လူငယ်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေမပါဘူး ဖြစ်နေတယ်”ဟု မန္တလေးတိုင်း လူငယ်အစည်းအရုံးမှ ကိုကျော်ဇင်သန့်က ပြောကြားသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ဖွင့်ပွဲကို ဩဂုတ်လ ၁၁ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဩဂုတ်လ ၁၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှ လူငယ်များကို ထည့်သွင်းစဉ်းစားမှု မရှိခြင်း၊ လူငယ်အဖွဲ့အစည်းများအား အသိအမှတ်မပြု လျစ်လျူရှုထားခြင်း၊ တာဝန်ရှိသူများအနေနှင့် ပွဲစီစဉ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း စသည့်အချက်များကြောင့် ပွဲတော်စီစဉ်သူများကို ကန့်ကွက်ရှုတ်ချကြောင်း လူငယ်အဖွဲ့အစည်းများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဆီကို ရောက်လာတာမှာ တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် စာပေစကားဝိုင်းဆိုပြီး သိရပါတယ်ဗျ။ ပါဝင်မယ့်သူတွေကို ရွေးတဲ့အချိန်မှာ ပါမောက္ခချုပ်က ကျောင်းသားသမဂ္ဂအနေနဲ့ ပါဝင်ဆွေးနွေးနိုင်မယ့်သူတွေ ရွေးပေးပါဆိုပြီး လူရွေးခဲ့တာ”ဟု မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကိုငြိမ်းကိုလွင်က ပြောကြားသည်။

စကားဝိုင်းကို မူလက ငြိမ်းချမ်းရေး စကားဝိုင်းအမည်ဖြင့် လူရွေးခဲ့သော်လည်း ပါမောက္ခများက လူတွေ့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးချိန်တွင်မှ စာပေစကားဝိုင်းသို့ ပြောင်းလဲသွားခဲ့ကြောင်း၊ မိမိတို့ထံ ပေးပို့လာသည့် ခေါင်းစဉ်အရမူ တက္ကသိုလ် ကျောင်းသားများနှင့်ဆွေးနွေးမည့် စကားဝိုင်းဖြစ်နေသည့်အတွက် ပြင်ပလူငယ် အဖွဲ့အစည်းများပါဝင်နိုင်ရေး ခေါင်းစဉ်ကိုပါ ပြောင်းလဲရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို လူငယ်များအချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့်ကျင့်ဝတ်တန်ဖိုးများ အချင်းချင်းမျှဝေနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား လူငယ်တို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော ်တည်ဆောက်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ 

ယင်းအခမ်းအနားတွင် ဈေးရောင်းပွဲတော်များ၊ အားကစားအစီအစဉ်များ ထည့်သွင်းထားရာ ပြင်ပလူငယ်အဖွဲ့အစည်းများ ပါဝင်ခွင့် မရရှိခဲ့ကြဘဲ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၏ အရောင်းဆိုင်များသာ ပါဝင်နေခြင်းကိုလည်း လူငယ်အဖွဲ့အစည်းများက ထောက်ပြထားသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ ပွဲတော်ကျင်းပရေးကို ဦးဆောင်သည့် မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ၌ လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ 

M-04



  • VIA