News

POST TYPE

EDITOR PICK POST

လှည်းကူးတွင် လူသတ်မှုဖြစ်
11-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၁ 

လှည်းကူးမြို့နယ် ကလီထော်အနောက် ကျေးရွာအုပ်စု၊ ဝက်အင်းပေါက်ကွက်သစ်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းတွင် ဩဂုတ်လ ၁၀ ရက် ည ၇ နာရီခန့်က အမျိုးသားနှစ်ဦး ဓားခုတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းကျေးရွာတွင်နေထိုင်သူ အသက် ၂၀ အရွယ် ဦးကုလား(ခ)အောင်သိန်းကြည်သည် ယင်းနေ့က၎င်းနေထိုင်ရာ ခြံဝင်းအတွင်း၌ အမျိုးသားနှစ်ဦးကို ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသွားရာ အသက် ၁၈ အရွယ်ခန့်ရှိ ဦးအောင်သက်ပိုင်တွင် ကုပ်ပိုးပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်လက် ကောက်ဝတ်ရိုးပြတ်ရှဒဏ်ရာတစ်ချက်၊ ညာလက်မပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ ကုသထားရပြီး အသက် ၃၉ အရွယ်ခန့်ရှိ ဦးသိန်းဝင်းနိုင်တွင် ညာဘက်ချိုင်း ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်လက်ပြင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်နားပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်နားရွက်နောက်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်နားထင်ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဘာအကြောင်းကိစ္စဖြစ်ကြတယ် ဆိုတာတော့ တိတိကျကျမသိရသေးဘူး၊ နေ့လယ်ခင်းက အခုဓားခုတ်ခံရသူ နှစ်ဦးနဲ့ ဓားနဲ့ခုတ်သူတို့က အရက်အတူတူ သောက်ကြတယ်၊ စကားများရန်ဖြစ်ကြတယ်လို့ ပတ်ဝန်းကျင် စုံစမ်းချက်အရ သိရတယ်။ ညနေဘက်ကျတော့ အခင်းဖြစ်တဲ့ခြံထဲကို ဘယ်လိုရောက်သွားလဲဆိုတာ မသိရဘူး၊ ဓားနဲ့ ခုတ်တဲ့သူကလည်း ထွက်ပြေးနေတယ်။ ဓားခုတ်ခံရသူတစ်ယောက်ကလည်းသေ၊ တစ်ယောက်ကလည်း ဆေးရုံမှာ စကားမေးမရတော့ ဖြစ်စဉ် အတိအကျမသိရဘူး”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားခုတ်မှု၊ လူသတ်မှုကျူးလွန်သည်ဟုဆိုသော ကုလား(ခ)အောင်သိန်းကြည်ကို ဥပဒေ အရ အရေးယူပေးပါရန် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းသဖြင့် လှည်းကူးမြို့မရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေလျက်ရှိသည်။

J-16