News

POST TYPE

EDITOR PICK POST

အစ္စရေးက လေပိုင်နက်အတွင်း ဝင်လာသော ဆီးရီးယားစစ်လေယာဉ်ကို ပစ်ချ
26-Jul-2018


တဲလ်အဗစ် ဇူလိုင် ၂၅

အစ္စရေးနိုင်ငံက ၎င်းတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့် နယ်စပ်ရှိလေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသော ဆီးရီးယားဂျက်တိုက်လေယာဉ် တစ်စင်းကို အင်္ဂါနေ့က ပစ်ချလိုက်သည်ဟု ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

လေပိုင်နက်အတွင်း တစ်မိုင်ခန့်အထိ ဝင်ရောက်လာသော ဆီးရီးယားဆူခွိုင်းဂျက်လေယာဉ်ကို ပက်ထရီယော့ဒုံးကျည်နှစ်စင်းဖြင့် ပစ်ချခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောကြားသည်။

“ရုရှားလေယာဉ် မဟုတ်ပါဘူး။ ဆီးရီးယားလေယာဉ်ပါ။ ဆီးရီးယား အလယ်ပိုင်း တီဖိုးလေတပ်စခန်းကနေ ပျံတက်လာကတည်းက စောင့်ကြည့်နေခဲ့တာပါ။ အဲဒီလေယာဉ် ပျက်ကျသွားတယ် ဆိုတာကိုပဲသိပါတယ်။ ဂိုလန်ကုန်းမြင့် တောင်ဘက်ခြမ်းကို ပျက်ကျသွားဖို့များပါတယ်”ဟု အစ္စရေးစစ်ဘက်ပြောရေးဆို ခွင့်ရှိသူ ဂျိုနသန်ကွန်ရီကပ်စ်က ပြော ကြားသည်။

လေယာဉ်မှူးတစ်ဦးသေဆုံးခဲ့ပြီး နောက်တစ်ဦး၏ အခြေအနေကို မသိရသေးဟု ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့် အရေးစောင့်ကြည့်ရေးအုပ်စုက ပြောကြားသွားသည်။

မကြာသေးမီရက်များအတွင်း ရုရှားကူညီပေးနေသော ဆီးရီးယားစစ်တပ် ထိုးစစ်သည် IS အဖွဲ့ထိန်းချုပ်နယ်မြေရှိရာ အစ္စရေး-ဆီးရီးယားနယ်စပ်အနီး ကုလသမဂ္ဂစည်းနားအထိ ရောက်ရှိလာခဲ့သည်။ ဆီးရီးယားက ၎င်း၏ လေပိုင်နက်အတွင်း လေယာဉ်ပစ်ချခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး အစ္စရေးတို့က အကြမ်းဖက်သမားများကို ကူညီနေသည်ဟု စွပ်စွဲလိုက်သည်။

“ယာမောက်တောင်ကြား အစွန်းမှာရှိနေတဲ့ IS အဖွဲ့ကို ဆီးရီးယားလေပိုင်နက်ထဲကနေ တိုက်ခိုက်နေတဲ့ လေယာဉ်ကို အစ္စရေးတွေက ပစ်ချပြီး အကြမ်းဖက်သမားတွေကို ကူညီနေကြောင်း ရန်သူအစ္စရေးက အတည်ပြုသက်သေပြလိုက်ပါတယ်” ဟု ဆာနာသတင်းဌာနက ထုတ်ပြန်သည်။

အစ္စရေးသည် ၁၉၇၃ စစ်ပွဲအတွင်း သိမ်းယူခဲ့သော ဂိုလန်ကုန်းမြင့်အနီးသို့ အီရန်နှင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များ ရောက်ရှိလာမည့်အရေးကို စိုးရိမ်နေပြီး ထိုအဖွဲ့များကို နယ်စပ်နှင့် ခပ်လှမ်းလှမ်းတွင်ရှိ စေရမည်ဟု ရုရှားက အာမခံထားသည့်ကြားမှ ထိုသို့ပူပန်နေခြင်းဖြစ်သည်။

အင်္ဂါနေ့က ဖြစ်ရပ်သည် ၁၉၇၄ စစ်မက်လျှော့ချရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက မှတ်ချက်ပေးသည်။

“အစ္စရေးပိုင်နက်ထဲကို မြေပေါ်ကပဲဖြစ်ဖြစ်၊ လေထဲကပဲဖြစ်ဖြစ်ကျူးဝင်လာတာမျိုးကို လက်မခံနိုင်ပါဘူး။ နှစ်ဖက်တပ်တွေ ခွဲထားတဲ့ သဘောတူညီချက်ကို ဆီးရီးယားဘက်က တင်းတင်းကျပ်ကျပ် လိုက်နာဖို့လိုပါတယ်” ဟု ၎င်းကပြောကြားသည်။

ယခုဖြစ်ရပ်သည် ဆီးရီးယားနယ်စပ်တွင် အစ္စရေးက ဒေးဗစ်စလင်းဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ပြီး နှစ်ရက်အတွင်း ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့နံနက်ကလည်း ဆီးရီးယားဘက်မှ တိုက်ပွဲအတွင်း ပစ်လွှတ်ခဲ့သော ရုရှားလုပ် SS 21 ဒုံးကျည်နှစ်စင်းကို အစ္စရေးတို့က ပစ်ချခဲ့ရသည်။

အစ္စရေးသည် ယခုပစ်ချလိုက်သည့် စစ်လေယာဉ်ပျံတက်ခဲ့သော တီဖိုးလေတပ် စခန်းအပါအဝင် ဆီးရီးယားနယ်မြေအတွင်းရှိ အီရန်နှင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များ အခြေချသောနေရာများစွာကို အကြိမ်ပေါင်းများစွာ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်ဟု ယူဆရသည်။

F-04