News

POST TYPE

EDITOR PICK POST

အစ္စရေးကို ဂျူးလူမျိုးတို့၏ နိုင်ငံတော်အဖြစ်သတ်မှတ်ပြီး ဟီးဘရူးကို အာရပ်ဘာသာစကားထက် အလေးပေးသည့် ဥပဒေသစ် အစ္စရေးပြဋ္ဌာန်း
20-Jul-2018



ဂျေရုဆလင်၊ ဇူလိုင် ၁၉

အစ္စရေးကို ဂျူးနိုင်ငံတော်အဖြစ် အလေးအနက်ထား သတ်မှတ်ပေးမည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို အစ္စရေး ပါလီမန်လွှတ်တော်က သဘောတူညီလိုက်ရာ အစ္စရေးရှိ အာရပ်နွယ်ဖွား လူနည်းစုများအကြား မကျေနပ်မှုများပေါ် ပေါက်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမျိုးသားနိုင်ငံတော်ဥပဒေအရ ဂျူးလူမျိုးများအနေနှင့် အာရပ်ဘာသာ စကားထက် ဟီးဘရူးဘာသာစကားကိုတရားဝင်ဘာသာစကားအဖြစ် သတ်မှတ်ပြဋ္ဌာန်းခွင့်ရှိသွားသည်။ 

ယင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်သည်နှင့် တစ်ပြိုင်နက်တည်း လွှတ်တော်တွင်းရှိ အာရပ်နွယ်ဖွား ဥပဒေပြုအမတ်များက အမျက်ဒေါသထွက်ခဲ့ကြသည်။ 

အာရပ်နွယ်ဖွားအမတ်တစ်ဦးက အနက်ရောင်အလံငယ်ကို ဝှေ့ယမ်းပြခဲ့ပြီး နောက်တစ်ဦးက ယင်းဥပဒေမူကြမ်းကို အများရှေ့မှောက်တွင် ဆုတ်ဖြဲပြခဲ့သည်။ 

ထိုသို့ အစ္စရေးကို ဂျူးနိုင်ငံတော်အဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ညာဟုက အဓိပ္ပာယ်ပြည့်ဝသည့် အချိန်ကာလအဖြစ် ချီးမွမ်းပြောဆိုသည်။ 

“မော်ဒန်ဇီယွန်စ်ဝါဒ၏ခေါင်းကိုင် ဖခင်ကြီးဟာဇီ၏ ဦးဆောင်မှုပေါ်ပေါက်လာပြီး နှစ်ပေါင်း ၁၂၂ နှစ်အကြာမှာ ယခုဥပဒေကို ကျွန်ုပ်တို့၏ ဖြစ်တည်မှုအဖြစ် ပြဋ္ဌာန်းနိုင်ပြီဖြစ်သည်”ဟု နေတန်ညာဟုက ပြောကြားသည်။ 

ထို့နောက် “အစ္စရေဟာ ဂျူးလူမျိုးတွေရဲ့ အမျိုးသားနိုင်ငံတော်ပဲ၊ အစ္စရေးဟာ နိုင်ငံသားတွေအားလုံးရဲ့ အခွင့်အရေးကို လေးစားတယ်”ဟု ဆက်လက်ပြောကြားသည်။ 

ယခုထုတ်ပြန်လိုက်သောဥပဒေက အစ္စရေးကို ဂျူးလူမျိုးတို့၏ တရားဝင် အမျိုးသားနိုင်ငံတော်အဖြစ် သတ်မှတ်သလို ဂျူးနိုင်ငံတော် အစ္စရေးသာပထမနှင့် ထာဝရဦးစားပေးအဖြစ် သတ်မှတ်သည်။ 

ဥပဒေတွင် အပိုဒ်ခွဲ ၁၁ ခု ပါဝင်သည်။ ယင်းတို့ထဲတွင် ဂျူးပြည်သူတို့၏ အမျိုးသားနေအိမ်အဖြစ် အစ္စရေးကို သတ်မှတ်ထားသည်။ ထို့ပြင် ဂျူးလူမျိုးများသာ ဆုံးဖြတ်ချက်အားလုံး ချပိုင်ခွင့် ပေးအပ်ထားသည်။ 

အဆိုပါဥပဒေက ဂျေရုဆလင်ကိုလည်း ဂျူးလူမျိုးတို့၏၊ တစ်နည်းအားဖြင့် အစ္စရေးနိုင်ငံတော်၏ မြို့တော်အဖြစ် သတ်မှတ်ဖော်ပြသည်။ 

“ဂျေရုဆလင်သည် အစ္စရေးနိုင်ငံတော်၏ ပြီးပြည့်စုံကာ ညီညွတ်မှုရှိသော မြို့တော်ဖြစ်သည်”ဟု ဆိုထားသည်။ 

အငြင်းပွားဖွယ်ဖြစ်နေသည်မှာ ဟီးဘရူးဘာသာစကားကို နိုင်ငံတော်ဘာသာစကားအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ 

အစ္စရေးတွင် ဆယ်စုနှစ်အတော်ကြာမျှ အာရပ်ဘာသာစကားကို ဟီးဘရူးနှင့်တန်းတူထားကာ တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်ခဲ့ရာမှ ယခုဥပဒေသစ်က ဟီးဘရူးကို အာရပ်ဘာသာစကားထက် တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် အာရပ်နွယ်ဖွားများက မကျေမနပ်ဖြစ်ကြခြင်းဖြစ်သည်။

F-01