News

POST TYPE

EDITOR PICK POST

ရသေ့တောင်တွင် ဝင်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ကန့်ကွက်ခံရ
18-Jul-2018
စစ်တွေ၊ ဇူလိုင် ၁၇ 

လစ်လပ်နေသော ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) မှ ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) က ကန့်ကွက်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက ပြောကြားသည်။ 

ဦးသိန်းမောင်သည် ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန်အတွက် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်လွှာတင်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသော်လည်း ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်မပြုသေးသဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ထံမှ သိရသည်။

“လူတစ်ယောက်ဟာ တစ်ပြိုင်တည်း ပါတီနှစ်ခုဝင်လို့မရဘူးပေါ့၊ ပါတီရဲ့ ဖွဲ့စည်းပုံအရက နုတ်ထွက်လွှာတင်တိုင်း နုတ်ထွက်ခွင့်ပေးတာ မဟုတ်ဘူး၊ သူ့ကို ဗဟိုကော်မတီက ဆုံးဖြတ်ပြီးမှ နုတ်ထွက်ခွင့် ပေးလို့ရတာလေ”ဟု ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်က ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွင် ပါတီဝင်တစ်ဦးသည် ပါတီဝင် သို့မဟုတ် ပါတီအဖွဲ့အစည်း ဝင်အဖြစ်မှ မိမိဆန္ဒအလျောက်အချိန် မရွေးနုတ်ထွက်ခွင့်ရှိကြောင်း၊ သို့ရာတွင် ပါတီဝင်ဖြစ်စဉ် တစ်စုံတစ်ရာ ရှင်းလင်းရန်ရှိပါက ထိုကိစ္စရှင်းလင်းပြီးမှ နုတ်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အပြီးအပြတ်ဆုံးဖြတ်ရမည်ဟု ဖော်ပြထားသည်။ 

“ပါတီ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ကျွန်တော့်ဆန္ဒအလျောက် နုတ်ထွက်တယ်။ ကျွန်တော့်မှာ ရှင်းလင်းစရာတစ်စုံတစ်ရာလည်းမရှိဘူး၊ အဲဒါကြောင့် ကျွန်တော် မိခင်ပါတီကို ဝင်ပြီးတော့ ယှဉ်ပြိုင်မှာဖြစ်တယ်”ဟု (ကန့်ကွက်ခံ) ဦးသိန်းမောင်က ဆိုသည်။

ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်ကို ဇူလိုင်လ ၇ ရက်က တင်သွင်းခဲ့ပြီး ကန့်ကွက်မှုရှိလာသဖြင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဇူလိုင်လ ၁၇ ရက်က စစ်ဆေးခံခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ကန့်ကွက်ခြင်းကိစ္စနှင့်ပတ်သက်ပြီး လတ်တလောတွင် စိစစ်နေသောအချိန်ဖြစ်သဖြင့် ဆုံးဖြတ်ပေးခြင်း မရှိသေးကြောင်း၊ ဇူလိုင်လ ၂၄ ရက်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဦးဖိုးမင်းက ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၎င်းကွယ်လွန်သွားသဖြင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ လစ်လပ်နေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော ရသေ့တောင် မဲဆန္ဒနယ်၌ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလအဖြစ် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီနှင့် ရခိုင်မျိုးချစ် ပါတီ (APP) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။ 

R-22


  • VIA