News

POST TYPE

EDITOR PICK POST

ရိုက်တာသတင်းဌာနကထုတ်ပြန်သည့် အင်းဒင်သတင်း မှန်ကန်ကြောင်း လက်မှတ်ထိုးခဲ့ရဟု ကိုဝလုံးထွက်ဆို
17-Jul-2018


ရန်ကုန်၊ ဇူလိုင် ၁၇

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့်ကျော်စိုးဦးတို့ရေးသားသည့် အင်းဒင်သတင်းကို ရိုက်တာသတင်းဌာနက ထုတ်ပြန်ပြီးနောက်ပိုင်း အင်းစိန်အကျဉ်းထောင်တွင် အဆိုပါသတင်းမှန်ကန်သည်ဟု ဝန်ခံလက်မှတ်ရေးထိုးခဲ့ရကြောင်း ဇူလိုင်လ ၁၇ ရက်ရုံးချိန်းတွင် သတင်းထောက်ကိုဝလုံးက ထွက်ဆိုခဲ့သည်ဟု သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ဒီနေ့ ဝလုံးထွက်ဆိုချက်မှာ ထူးခြားတာက ဝလုံးတို့ကိုဖမ်းပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်က ရိုက်တာသတင်းဌာနက ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့သတင်းကို ထုတ်ပြန်လိုက်ပြီး နောက်ရက်ကို ရဲမှူးချုပ်တင်ကိုကိုတို့က ဒီသတင်းကမှန်ကန်ကြောင်းကို ဝလုံးကို လက်မှတ်လာထိုးခိုင်းတယ်။ အဲဒီအကြောင်း ထွက်ဆိုသွားတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ဖြစ်စဉ်ပြီးနောက်ပိုင်းတွင် ဟိန္ဒူဘာသာဝင်များ သတ်ခံရသည့်သတင်း၊ ရိုဟင်ဂျာစွပ်စွဲချက် ခေါင်းစဉ်သတင်းများကို ရေးသားခဲ့ပြီး သတင်းရေးသားရာတွင် ၈၀ ရာခိုင်နှုန်းပြည့်စုံပြီး အစိုးရအတည်ပြုချက်ရယူရန် ကြိုးစားနေစဉ်တွင် ဖမ်းဆီးအထိန်းသိမ်းခံခဲ့ရကြောင်း ၎င်းကဆိုသည်။

ယနေ့ ရုံးချိန်းတွင် သတင်းထောက် ကိုဝလုံးက အမှန်တရားအတိုင်း ထွက်ဆိုခဲ့ကြောင်း ၎င်းကပြောကြားသည်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင်လ ၂၃၊၂၄ ရက်ကို ထပ်မံချိန်းဆိုလိုက်သည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင်တို့ကို ဒီဇင်ဘာလ ၁၂ ရက်က စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

J-18