News

POST TYPE

EDITOR PICK POST

ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်ကို ဝန်ကြီးဌာန ပြန်သိမ်း
15-Jul-2018


မန္တလေး၊ ဇူလိုင် ၁၄

ပြင်ဦးလွင်မြို့မှ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်သော နန်းမြိုင်ဟိုတယ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့တွင် ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရရှိသူထံမှ ပြန်လည်သိမ်းဆည်းခဲ့သည်။

“ဒီနေ့ (ဇူလိုင် ၁၄) မှာပဲ လွှဲပြောင်း လက်ခံပါတယ်။ နန်းမြိုင်ဟိုတယ်နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်ပါမယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေက ပြောကြားသည်။

လက်ရှိတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သော်လည်း စစ်ဆေးမှုမဆောင်ရွက်နိုင်သေးကြောင်း၊ နန်းမြိုင်ဟိုတယ်ကို ဟိုတယ်/ ခရီးထံ ပြန်လည်ပေးအပ်ရသော်လည်း အရှုံးမရှိကြောင်း နန်းမြိုင်ဟိုတယ်ကို လုပ်ကိုင်ခွင့်ရရှိခဲ့သူ ဦးဌေးအောင်က ပြောဆိုသည်။

အဆိုပါဟိုတယ်ကို ပုဂ္ဂလိကလုပ်ငန်းရှင် ဦးဌေးအောင်က ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ တစ်လလျှင် ကျပ်သိန်း ၅၀၀ ဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ ငှားရမ်းခပေးချေခြင်း မရှိသဖြင့် ဝန်ကြီးဌာနက ကျပ်သိန်း ၁၃,၀၀၀ ရလိုမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

ပုဂ္ဂလိကလုပ်ကိုင်ခွင့်ရရှိခဲ့သော နန်းမြိုင်ဟိုတယ်တွင် အခန်း ၃၂ ခန်းရှိပြီး ဝန်ထမ်း ၁၈ ဦးဖြင့် ဝန်ဆောင်မှုပေးခဲ့ကြောင်း၊ ဝန်ထမ်းများကိုလည်း နစ်နာကြေးများပေးအပ်ရန် စီစဉ်ထားကြောင်း ယင်းဟိုတယ် တာဝန်ရှိသူများထံမှ သိရသည်။

M-01



  • VIA