News

POST TYPE

EDITOR PICK POST

ယောက်ျားချင်း ဖက်နမ်း၍ ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူက ထွက်ဆို
11-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၁

သာကေတမြို့နယ်၊ ၁၀/တောင်(၁၄) ရပ်ကွက်၊ စည်ပင်ဝင်း၊ ရှုခင်းသာအတွင်း လမ်းဘေးရှိ ရေမြောင်းအစပ်တွင် အမျိုးသားတစ်ဦး အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ယောက်ျားချင်း ဖက်နမ်းခံရသောကြောင့် ဒေါသဖြစ်ကာ ကျောက်ခဲဖြင့်ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“အရက်ဆိုင်က အတူထပြန်လာချိန်မှာ သေဆုံးသူက ပြစ်မှုကျူးလွန်သူကို လမ်းမှာ ဖက်နမ်းခဲ့တယ်လို့ ထွက်ဆိုချက်အရ သိရတယ်။ မနမ်းနဲ့ မကြိုက်ဘူးပြောတာကို သေဆုံးသူက ဒုတိယအကြိမ် ထပ်နမ်းလို့ စိတ်တိုပြီး လက်ထဲပါလာတဲ့ အရက်ပုလင်းနဲ့ သေဆုံးသူ ဦးခေါင်းကို အရင် ရိုက်လိုက်တယ်။ ပြီးတော့ ပုလင်းကွဲနဲ့ လည်ပင်းကို ထပ်ထိုးပြီး သေဆုံးသူက လဲကျသွားချိန်မှာ အနီးမှာရှိတဲ့ ကျောက်ခဲနဲ့ခေါင်းကို ထပ်ထုခဲ့တာလို့ ကနဦး စစ်ဆေးချက်အရ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

သေဆုံးသူ အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာ ဇူလိုင်လ ၆ ရက် ညပိုင်းက ယင်းရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်တွင် ပြစ်မှုကျူးလွန်သူဟုဆိုသူ သန်းအေး အပါအဝင် အမျိုးသားသုံးဦးနှင့်အတူ အရက်အတူ သောက်စားခဲ့ပြီးနောက် အရက်ဆိုင်မှ နေအိမ်သို့ သန်းအေးနှင့် နှစ်ဦးတည်း အတူပြန်လာချိန် လမ်းတွင် ကျောက်ခဲဖြင့် ထုသတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဇူလိုင်လ ၇ ရက် မနက်ပိုင်းမှာ သေဆုံးသူရဲ့အလောင်းကို တွေ့ခဲ့တယ်။ စုံစမ်းစစ်ဆေးကြည့်တော့ သန်းအေးက လူသတ်မှု ကျူးလွန်တာ ဖြစ်နိုင်တယ်လို့ သိရှိရတာကြောင့် သူ့အိမ်သွားဖမ်းတယ်။ ဒါပေမဲ့ သူက မရှိတော့ဘူး။ ဒီလူ(စွပ်စွဲခံ ရသူ)က ပန်းထိမ်လုပ်တာ။ သူ့ဆရာ ဆီက ပိုက်ဆံတောင်းပြီး သူ့မိန်းမနဲ့အတူ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတာ”ဟု ရဲအရာရှိက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်ဘက်သို့ ဇနီးနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိထားသည့် သန်းအေးကို လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ဇူလိုင်လ ၁၀ ရက် ညနေပိုင်းတွင် ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာယာကျေးရွာတွင် ၎င်းကိုဖမ်းမိခဲ့ပြီးနောက် ယင်းအမှုကို သာကေတ နယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03