News

POST TYPE

EDITOR PICK POST

အိမ်ဖြိုဖျက်ခံရသော ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားများ ဘုန်းကြီးကျောင်းတွင်ခိုလှုံ
11-Jul-2018
စစ်တွေ၊ ဇူလိုင် ၁၀

မောင်တောမြို့ အငူမော်-မောင်တော ကားလမ်းဘေးရှိ သင်္ဘောကွေ့ရွာ၌နေ ထိုင်သော ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားများ၏ အိမ်များကို အာဏာပိုင်များက ဖြိုဖျက်နေသဖြင့် ကျေးရွာအနီးရှိ ကျောက်ပန္တူ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြောင်း နေထိုင်သူများထံမှသိရသည်။ 

အိမ်ဖြိုဖျက်ခံရသူများကို ကျောက်ပန္တူကျေးရွာနေသူများက အစားအစာများ ကူညီထောက်ပံ့သော်လည်း ရေရှည်နေထိုင် စားသောက်ရန် အခက်အခဲများ ရှိလာမည်ဖြစ်ကြောင်း၊ လူအစုလိုက်နေသဖြင့် ကျန်းမာရေးထိခိုက်ခြင်း၊ စားဝတ်နေရေးကျပ်တည်းမှုများ ကြုံလာမည်ဖြစ်ကြောင်း နေအိမ်ဖြိုဖျက်ခံရသူ ဦးမောင်ဝင်းချေက ပြောသည်။ 

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှပြောင်းရွှေ့လာသည့် ရခိုင်တိုင်းရင်းသားများနေထိုင်ရာ သင်္ဘောကွေ့ရွာကို ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းမှစ၍ အာဏာပိုင်များက ကျန်းမာရေးဆေးပေးခန်း၊ သံဃာများ နားနေဆောင်နှင့်အိမ် ၅လုံးကို ဖြိုဖျက်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၀ ရက်တွင်လည်း ကျန်ရှိသောနေအိမ်များကိုလည်း ဆက်လက်ဖြိုဖျက်နေကြောင်း ကျေးရွာသားများက ဆိုသည်။ 

ကျေးရွာတွင်နေထိုင်သော အိမ်ထောင်စု ၅၀ ကျော်မှာ တစ်အိမ်ထောင်လျှင် လယ် ၃ ဧကခန့် စိုက်ပျိုးထားသည့် လယ်မြေများကို စွန့်လွှတ်ခဲ့ရကြောင်း၊ ၎င်းတို့၏ သားသမီးများ ပညာရေးမှာလည်း အခက်အခဲရှိနေကြောင်း သင်္ဘောကွေ့ရွာတွင်နေသူ ဒေါ်စိန်ရီက ဆိုသည်။ 

အစိုးရက အသစ်တည်ဆောက်လျက်ရှိသော အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ခိုင်းရာ မပြောင်းရွှေ့သော ကျေးရွာခေါင်းဆောင်များဖြစ်သည့် ဦးအောင်နိုင်၊ ဦးထွန်းမြင့်ဦးနှင့် ဇနီးဒေါ်ဥမ္မာကျော်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် မောင်တောမြို့နယ်တွင် တရားစွဲဆိုထားကြောင်း၊ ယင်းသုံးဦးအနက် ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့ကို ဇူလိုင်လ ၉ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ဆိုသည်။ 

“ငါတို့လုပ်ပေးသလိုနေ၊ မင်းတို့ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတယ်လို့ ပြောပြီးတော့ ရွာတည်ကတည်းက အနစ်နာခံပြီး လုပ်လာကြတဲ့ ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းဆီးထားတာကတော့ ကျွန်တော်တို့လက်မခံဘူး။ ကျွန်တော်တို့ သူတို့နဲ့တွေ့ပြီးတော့ နေရေးထိုင်ရေးအတွက် အဖြေရှာချင်တယ်”ဟု ဦးမောင်ဝင်းချေက ပြောသည်။

အဆိုပါ ကျေးရွာတွင် ယခင်က ဘင်္ဂါလီများနေထိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကာ မီးလောင်ပြင်အဖြစ် ကျန်ရှိကြောင်း၊ ယင်းနေရာသည် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရသော မြေနေရာဖြစ်ပြီး ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားသော နေရာလည်းဖြစ်ကြောင်း၊ ယင်းနေရာတွင် ရွှေ့ပြောင်းလာသူများက လာရောက်နေထိုင်သဖြင့် တားမြစ်ရခြင်းဖြစ်ကြောင်း မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောကြားသည်။ 

“ရွာတည်တယ်ဆိုတာ အစိုးရကပဲ Plan ချပေးပြီးလုပ်ရတာပါ၊ သူတို့ကို အင်းဒင်မှာ နေရာချပေးပါတယ်။ အင်းဒင်မှာက အခုမှ စလုပ်ခါစဆိုတော့ အိမ်ပြီးရင် လမ်းစသဖြင့် အဆင့်ဆင့်လာမှာ၊ အခုတော့ အဆင်မပြေတာတွေတော့ ရှိမှာပေါ့။ သူတို့အတွက်လည်း ထောက်ပံ့လို့ရသလောက် ထောက်ပံ့ပေးရမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။ 

အစိုးရက အသစ်တည်ထောင်နေသော အင်းဒင်ကျေးရွာသစ်သို့ ရွှေ့ပြောင်း ရခိုင်တိုင်းရင်းသားများကို အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းကြောင်း၊ ယင်းနေရာမှာ လုပ်ကိုင်စားသောက်ရန်နှင့် နေထိုင်ရေးတို့တွင် အခက်အခဲရှိခြင်းအပြင် အခြားအခက်အခဲများကြောင့် မရွှေ့ပြောင်းလိုကြောင်း သင်္ဘောကွေ့ရွာတွင် နေထိုင်သူများက ပြောသည်။  

R-22


  • VIA