News

POST TYPE

EDITOR PICK POST

ဘောရစ်ဂျွန်ဆင်နေရာတွင် ကျန်းမာရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို အစားထိုးခန့်အပ်မည်ဟု ဗြိတိန်ကြေညာ
11-Jul-2018



လန်ဒန်၊ ဇူလိုင် ၁၀

ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး (ဘရိတ်ဇစ်) ကိစ္စတွင် ဗြိတိန်အစိုးရ၏ဗျူဟာနှင့်ပတ်သက်၍ မပြေမလည်ဖြစ်ကာ ရုတ်တရက်နုတ်ထွက်သွားခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်၏နေရာတွင် ကျန်းမာရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို အစားထိုးမည်ဖြစ်သည်ဟု ဝန်ကြီးချုပ်ထရီဆာမေ၏ ဒေါင်းနင်းလမ်းရုံးက သတင်းထုတ်ပြန်သည်။ 

နုတ်ထွက်သွားသူ ဘောရစ်ဂျွန်ဆင်၏နေရာတွင် ဂျယ်ရီမီဟန့်ကို အစားထိုးမည့်ကိစ္စနှင့်ပတ်သက်၍ ဗြိတိန်ဘုရင်မကြီးကလည်း သဘောတူညီထားသည်ဟု ဆိုသည်။ 

“ဘုရင်မကြီး အဲလိဇဘက်သည် ဂျယ်ရီမီဟန့်အား နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးအဖြစ် ခန့်အပ်မည့်ကိစ္စအား ဝမ်းမြောက်စွာလက်ခံသဘောတူညီမည်ဖြစ်သည်” ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

အသက် ၅၁ နှစ်အရွယ်ရှိသော ဂျယ်ရီမီဟန့်သည် ဗြိတိန်နိုင်ငံတွင် နာမည်ဆိုးထွက်နေသည့် အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုအစီအစဉ်ကို ခြောက်နှစ်တာမျှ တာဝန်ယူခဲ့သူဖြစ်ပြီး စိန်ခေါ်မှုများကို မကြောက်ရွံ့သူအဖြစ် နာမည်ကျော်ကြားသည်။ 

၎င်းသည် ကျန်းမာရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ် ဆရာဝန်များ အလုပ်ချိန်နှင့်ပတ်သက်၍ အငြင်းပွားဖွယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သောကြောင့် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းသည် ကျန်းမာရေးဝန်ကြီးတာဝန်မယူခင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

ဂျယ်ရီမီဟန့်သည် ၂၀၁၆ ခုနှစ် အီးယူမှနုတ်ထွက်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပစဉ်က အီးယူထဲတွင် ဆက်နေရေးဘက်က ဆွယ်တရားဟောခဲ့သူဖြစ်သည်။ ဘောရစ်ဂျွန်ဆင်မှာ အီးယူထဲမှ ဗြိတိန်နုတ်ထွက်ရေးကို ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့သူဖြစ်ရာ ယခုလို ဂျယ်ရီမီဟန့်ကို ဘောရစ်ဂျွန်ဆင်၏နေရာတွင် ခန့်အပ်ခြင်းသည် ဗြိတိန်အစိုးရအဖွဲ့၏ ကြီးမားသော ကွဲပြားခြားနားမှုတစ်ရပ်ကို ဖော်ကျူးလိုက်ရာရောက်သည်ဟု လေ့လာစောင့်ကြည့်သူများကဆိုသည်။ 

ဂျယ်ရီမီဟန့်သည် ဂျပန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာစကားသင်ကြားသော ဆရာအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ဖူးပြီး ဂျပန်ဘာသာစကားကိုလည်း ကောင်းမွန်စွာ ပြောတတ်သည်။

F-01