News

POST TYPE

EDITOR PICK POST

ရန်ကုန်တွင် ခြောက်လအတွင်း အမှုကြီးပေါင်း ၃၀၀ မှုနီးပါးဖြစ်
10-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၀ 

လူဦးရေ ထူထပ်လှသည့် ရန်ကုန် တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သော အမှုကြီးပေါင်း ၃၀၀ နီးပါးအထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခြောက်လအတွင်း ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် လူသတ်မှု ၉၁ မှု၊ လုယက်မှု ၁၇ မှု၊ မုဒိမ်းမှု ၁၆၉ မှု နှင့် တိရစ္ဆာန်ခိုးယူမှု ၃ မှု၊ လက်နက်မှု ၁ မှုတို့ဖြစ်ပြီး စုစုပေါင်း အမှု ၂၈၁ မှုမှ ၁၉၈ မှုကို တရားစွဲတင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် အဆိုပါ ခြောက်လအတွင်း ခိုးမှု စုစုပေါင်း ၆၀၀ ကျော် အမှုဖြစ်ပွားခဲ့ပြီး ယင်းခိုးမှုများတွင် လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နှင့် ရွှေဆွဲကြိုးများ လုယက်ခံရမှု ဖြစ်စဉ်များ ပါဝင်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် နာကျင်စေမှု ၁၄၆၈ မှုအထိ ဖြစ်ပွားခဲ့သည်။ 

တစ်နိုင်ငံလုံး အတိုင်းအတာအရ မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းစေရန် ရဲတပ်ဖွဲ့မှ လင်းယုန်စီမံချက်ဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရာ လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးမှုများ ပါဝင်သည့် အမှုပေါင်း ၁၀ မျိုးကို ခြောက်လအတွင်း အမှုပေါင်း နှစ်သောင်းသုံးထောင်ကျော်ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03