News

POST TYPE

EDITOR PICK POST

အဘွားအိုတစ်ဦး ငမိုးရိပ်ချောင်းထဲ ခုန်ချ အဆုံးစီရင်
10-Jul-2018
ရန်ကုန်၊ ဇူလိုင် ၉

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ ငမိုးရိပ်တံတားတွင် ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီဝန်းကျင်က အဘွားအိုတစ်ဦးမှာ တံတားပေါ်မှ ချောင်းထဲသို့ ခုန်ချအဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

တံတားအလယ် လက်ရန်းပေါင်ပေါ်မှ ငမိုးရိပ်ချောင်းထဲသို့ ခုန်ချသွားသူ၏ အမျိုးသမီးစီး ဖိနပ်တစ်ရန်ကို အခင်းဖြစ်နေရာအနီးတွင် တွေ့ရှိခဲ့ပြီးနောက် နာရီဝက်ခန့်အကြာတွင် ရေထဲခုန်ချ အဆုံးစီရင်ခဲ့သည့် အဘွားအို၏သားဖြစ်သူ ရောက်ရှိလာခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“အမျိုးသမီးတစ်ယောက် တံတားပေါ်ကနေ ချောင်းထဲခုန်ချသွားတာကို တံတားလုံခြုံရေးတာဝန်ကျ ရဲတပ်သားက စမြင်တွေ့ခဲ့တာပါ။ အခုထိတော့ ရေထဲခုန်ချသွားသူကို ပြန်ရှာမတွေ့သေးဘူး။ သားဖြစ်သူရဲ့ ပြောပြချက်အရဆို သူ့မိခင်က ဆီးချိုသွေးချို ရောဂါခံစားနေရလို့ စိတ်ဓာတ်ကျနေသူဖြစ်ကြောင်း သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ငမိုးရိပ်ချောင်းထဲ ခုန်ချအဆုံးစီရင်သူ အသက် ၇၂ နှစ် ဒေါ်အုန်းကြည်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၄၀ ရပ်ကွက်၊ သီတာ ၃ လမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ပြန်လည်တွေ့ရှိရန် ငမိုးရိပ်ချောင်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းရှာဖွေလျက်ရှိသည်။

S-03


  • VIA