News

POST TYPE

EDITOR PICK POST

Pucci ကိတ်စက်ရုံမှ အလုပ်သမားများဆန္ဒပြမှု ယာယီရပ်နား
09-Jul-2018
ရန်ကုန်၊ ဇူလိုင် ၉

အချိန်ပိုကြေး မပေးခြင်းကြောင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Pucci ကိတ် စက်ရုံလုပ်သား ၇၄ ဦး အဆိုပါစက်ရုံရှေ့ဆန္ဒပြနေခြင်းကို ဇွန်လ ၁၀ ရက်မှစ၍ ယာယီ ရပ်နားမည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများထံက သိရသည်။

ဇူလိုင်လ ၇ ရက်မှစ၍ အဆိုပါ အလုပ်သမားများ ဆန္ဒပြနေခြင်းဖြစ်ပြီး ဇူလိုင်လ ၉ ရက်က ၎င်းတို့နှင့် စက်ရုံအုပ်ချုပ်ရေးပိုင်းတို့ ညှိနှိုင်းခဲ့ရာ အုပ်ချုပ်ရေးပိုင်းက အလုပ်သမားများ၏ တောင်းဆိုချက်များကို စက်ရုံပိုင်ရှင်ထံ အကြောင်းကြားရမည်ဖြစ်သဖြင့် ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်အထိ ဆန္ဒပြမှုကို ယာယီ ရပ်နားခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမား ကိုချမ်းငြိမ်းက ပြောကြားသည်။

“ဆန္ဒပြတဲ့သူတွေကို စက်ရုံဘက်က အလုပ်ထုတ်မယ်ဆိုတာမျိုးကြားလို့ အလုပ်သမားတွေကတော့ စိုးရိမ်နေတယ်။ ဒီနေ့ ညှိနှိုင်းတာတော့ သူတို့ဘက် အလုပ်သမားတွေကို မထုတ်ဘူး။ ကျွန်တော်တို့ဘက်က ၃ ရက်လောက် နားထားပြီး အလုပ်ရှင်ကို ပြန်ညှိမယ်ဆိုတာပဲ သဘောတူဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစက်ရုံသို့ အလုပ်သမားများက စနေနေ့ နေ့တစ်ဝက်ကြေးနှင့် အချိန်ပိုကြေးများ ပြန်ပေးရန်၊ ယခင် (အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်မပေးမီ) ရရှိမြဲ လုပ်သက်ကြေးနှင့် ခံစားခွင့်များ ပြန်ပေးရန်နှင့် အလုပ်ချိန် တိတိကျကျ သတ်မှတ်ရန်စသော အချက် ၇ ချက်ကို တောင်းဆိုထားသည်။

“ဒီတောင်းဆိုချက်တွေ ဖြစ်သင့် မဖြစ်သင့်ကတော့ ဥပဒေဘောင်ကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ ကျွန်တော်တို့က အလုပ်ရှင်ဘက်ကို ညှိပေးရုံပဲရမယ်”ဟု အဆိုပါစက်ရုံမှ မန်နေဂျာ ဦးဇေယျာဝင်းက ဆိုသည်။

အဆိုပါ Mybaco Company Limited ပိုင် Pucci ကိတ်စက်ရုံသည် ယခင်က မုန့်တိုက်အဖြစ် လုပ်ကိုင်ခဲ့ပြီး စက်ရုံတည်ထောင်လုပ်ကိုင်ခဲ့သည်မှာ ၈ နှစ်ကျော်ခဲ့ပြီးဖြစ်ကာ လုပ်သား တစ်ထောင်ကျော်ရှိပြီး ယခုဆန္ဒပြ လုပ်သားများမှာ ထုတ်လုပ်မှုဌာနမှ လုပ်သားများဖြစ်သည်။

ဝေလင်း