News

POST TYPE

EDITOR PICK POST

ဘင်္ဂါလီများကို ပြန်လည်လက်ခံရေး MoU ပြည်နယ်လွှတ်တော်ထံပို့မည်
04-Jul-2018
စစ်တွေ၊ ဇူလိုင် ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည် ဘင်္ဂါလီများကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) တို့ နားလည်မှုစာချွန်လွှာ MoU ရေးထိုးထားမှုကို ယခုလမကုန်မီ UNDP က ရခိုင်ပြည်နယ်လွှတ်တော်သို့ ပေးပို့မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်က ရခိုင်ပြည်နယ် လွှတ်တော်၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့နှင့် UNDP မှ Country Director Mr.Peter Batchelor အဖွဲ့ တွေ့ဆုံကြရာတွင် အထက်ပါအတိုင်းပြောကြားသည်။ 

“အစိုးရနဲ့ MoU ထိုးထားတဲ့ အကြောင်းတွေကိုပြောပြတယ်။ သူတို့က MoU ကိုဘာသာပြန်ပြီးတော့ လွှတ်တော်ကို တင်ပြပေးမယ်လို့ ပြောတယ်။ ဒီMoU ရေးထိုးတဲ့ ကိစ္စတွေကို ပြည်နယ်လွှတ်တော်က ဘာမှမသိရဘူး အစိုးရကလည်း လွှတ်တော်မှာ အသိပေးချပြပေးတာလည်းမရှိဘူး”ဟု ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ဆိုသည်။

UNDP အဖွဲ့သည် မောင်တောဒေသသို့ သွားရောက်ပြီး ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ မြို့မိ၊ မြိုဖတို့နှင့်တွေ့ဆုံပြီး တွေ့ရှိချက်များကို ပြည်နယ်လွှတ်တော်ထံ ဇူလိုင်လမကုန်မီ တင်ပြမည်ဟု ပြောဆိုကြောင်း ၎င်းထံမှသိရသည်။ 

ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ ထောက်ပံ့ ကူညီထားသောငွေများဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏာကျွန်း အပါအဝင် မြို့နယ်လေးခုတွင် ဆောင်ရွက်မည့် အစီအစဉ်များကို ပြည်နယ်လွှတ်တော်ထံ တင်ပြပြီး လွှတ်တော်၏ အကြံပြုချက်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြသန်းက ပြောသည်။

ယခင်က မောင်တောခရိုင်၌ ဘင်္ဂါလီလူမျိုး ခုနစ်သိန်းခန့်ရှိရာ ၂၀၁၇ ခုနှစ် ဩဂုတ်လ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ဘင်္ဂါလီလူမျိုး ၈၀,၀၀၀ ကျော်သာ ကျန်ရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။  

R-22


  • VIA