News

POST TYPE

EDITOR PICK POST

တရားမဝင် မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့ဖမ်း
03-Jul-2018

ရန်ကုန်၊ ဇူလိုင် ၃

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၅၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က သုံးရက်အတွင်း ဖမ်းဆီးထားကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင်က ပြောကြားသည်။

“သုံးရက်အတွင်း ၁၅၀၀ ဝန်းကျင်ရှိပြီး ဒီနေ့ ညနေမှာထပ်ဝင်မယ့် အလုပ်သမားတွေ ရှိသေးတယ်။ ထိုင်းရဲက ဖမ်းဆီးရတဲ့ အလုပ်သမားတွေ လာအပ်တယ်။ ကျွန်တော်တို့ ကြိုဆိုရေးလုပ်ပေးတယ်။ ထမင်းကျွေးတယ်။ သူတို့နေရပ် ပြန်ဖို့ကို သူတို့အစီအစဉ်နဲ့ လုပ်ရပါမယ်”ဟု ၎င်း ကဆိုသည်။

ဇူလိုင်လ ၁ ရက်တွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၇၂၄ ဦး၊ ဇူလိုင်လ ၂ ရက်တွင် ၅၄၁ ဦး၊ ဇူလိုင်လ ၃ ရက်တွင် မြန်မာလုပ်သား ၂၀၀ ကျော်ကို ယနေ့ နံနက်ပိုင်းအထိ လက်ခံရရှိကြောင်း ၎င်းထံက သိရသည်။

သုံးရက်အတွင်း ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုဥပဒေဖြင့် ဖမ်းဆီးခဲ့သော်လည်း အရေးယူထားခြင်းမရှိကြောင်း၊ အဆိုပါ အလုပ်သမားများထဲမှ ထိုင်းနိုင်ငံတွင် ပြန်လည် လုပ်ကိုင်လိုသူများအနေနှင့် တရားဝင် ဖွင့်လှစ်ထားသည့်ကုမ္ပဏီများဖြင့်ချိတ်ဆက်၍ ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

အလုပ်သမားများ ဖမ်းဆီးထားသည့် အခြေနေကို “မဲဆောက်ဈေးမှာ မနေ့က ဝင်ဖမ်းတယ်။ ဈေးကြီးတွေမှာ မြန်မာတွေ ဈေးရောင်းတယ်၊ အထောက်အထားမဲ့နဲ့ နာမည်ကျော်ဇောသူတွေကို ဒီသုံးရက်အတွင်း လိုက်ဖမ်းနေတယ်”ဟု ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်သူ ဦးစောမောင်က ဆိုသည်။

ထို့အပြင် မြဝတီ၊ မဲဆောက်၊ ရနောင်းနှင့် မယ်ဆိုင်မြို့တို့ရှိ အလုပ်သမား သံအရာရှိများက ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း၍ အလုပ်သမားများ နေရပ်ပြန်ရန်အတွက် စခန်းများ ဖွင့်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ် -၅၈ အရ မည်သည့်နိုင်ငံသားမဆို ထိုင်းလဝက ဥပဒေအရ တရားမဝင် အထောက်အထားမဲ့များ နယ်မြေသို့ ဝင်ရောက်ပါက ပြည်ဝင်ခွင့် ၂ နှစ် ပိတ် ခံရမည့်အပြင် ထောင်ဒဏ် (သို့) ဘတ်ငွေ ၂၀,၀၀၀ (သို့) ပြစ်ဒဏ်နှစ်မျိုးလုံး ကျခံရမည့် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်သည်။

J-18