News

POST TYPE

EDITOR PICK POST

ရဲတပ်ဖွဲ့ကို စိန်ခေါ်နေသော တရားခံပြေးများ
ယခုရက်ပိုင်းကြားရသည့် ထူးခြားသည့်သတင်းတစ်ခုမှာ တရားသူကြီးငါးဦးနှင့် ပါမောက္ခချုပ်တစ်ဦးအပါအဝင် အခြားတရားခံပြေး ၁၆ ဦးကို ကူညီစုံစမ်း သတင်းပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည့်ကိစ္စပင်ဖြစ်သည်။ အဆိုပါတရားခံပြေး ၁၆ ဦးသည် အဂတိလိုက်စားမှုများကြောင့် အဂတိကော်မရှင်သို့ တိုင်ကြားခံရမှုများကြောင့် စုံစမ်းစစ်ဆေးခဲ့သောအမှုများတွင် သက်ဆိုင်ရာရဲစခန်းများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၇ တို့အရ တရားစွဲဆိုခံထားရသူများဖြစ်ကြသည်ဟု ကြားသိရသည်။ တရားသူကြီးငါးဦးမှာ သံတွဲမြို့မရဲစခန်းမှ မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း၊ ဘုတလင်မြို့နယ်တရားသူကြီး ဒေါ်အေးအေးနွဲ့၊ မလှိုင်မြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး ဦးထင်လင်း၊ တောင်ငူခရိုင် ဒုတိယ ခရိုင်တရားသူကြီး ဦးရွှေနှင့် ရန်ကင်းမြို့နယ် တွဲဖက်တရားသူကြီး ဒေါ်ခင် လေးငယ်တို့ဖြစ်ကြသည်။ ပါမောက္ခချုပ်တစ်ဦးမှာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကိုကိုကျော်စိုးဖြစ်ပြီး ရဲအုပ်မှာ ပေပင်ချောင် ရဲကင်းစခန်း စခန်းမှူး ရဲအုပ်ရာဇာကိုကိုဖြစ်သည်။ ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှနှစ်ဦးမှာ မော်လိုက်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေးနှင့် တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့ဖြစ်ကြသည်ဟု ဖော်ပြထားသည်။

အခြားသူများမှာ မွန်ပြည်နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ (ငြိမ်း) ဦးမြင့်ဝေ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှ ဦးစီးအရာရှိ ဒေါ်အဉ္ဇလီမြရှိန်၊ တရားမဝင်သစ်စက်လုပ်ငန်းလုပ်ကိုင်သူ ဦးစိန်မောင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (စီမံကိန်းကြီးကြပ်အကဲဖြတ်) ၏ ဒေါ်ခင်အုန်းမြ၊ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ဥပဒေအရာရှိ ဒေါ်ယမင်းသန့်၊ အထက်တန်းရှေ့နေ ဒေါ်စုကြည်နှင့် ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဦးဇော်လင်းလင်းနိုင်တို့ဖြစ်ကြောင်း သိရသည်။ ထိုပြစ်မှုကျူးလွန်ပြီး အဖမ်းမခံဘဲ ထွက်ပြေးနေကြသည့် တရားခံပြေးများကိုကြည့်လျှင် အားလုံးလိုလို နိုင်ငံ့ဝန်ထမ်းများဖြစ်ကြောင်းတွေ့ရှိရပြီး တည်ဆဲဥပဒေများနှင့် အကျွမ်းတဝင်ရှိကာ ကိုင်တွယ်ကျင့်သုံးနေကြရသူများဖြစ်သည့် အားလျော်စွာ ၎င်းတို့ရာထူးအလိုက် နိုင်ငံတော်ကအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို မမှန်မကန်အသုံးချလျက် ဥပဒေကိုလက်တစ်လုံးခြား ကျူးလွန်ကြရင်းဖြင့် ယခုလည်း ဥပဒေပါကျခံကြရမည့်ပြစ်ဒဏ်များကို သိလျက်နှင့် တမင်ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း မြင်ရနိုင်လေသည်။

ယခုကဲ့သို့ တရားခံများ ထွက်ပြေးတိမ်းရှောင်နေကြမှုမှာ ယခုမှ အသစ်အဆန်းမဟုတ်ဘဲ ယခင်နှစ်ကလည်း ဖြစ်စဉ်များအတော်ဖြစ်ပွားခဲ့ဖူးသည်။ ထိုတရားခံပြေးများကိုလည်း ယခုအချိန်ထိ ပြန်လည်ဖမ်းဆီးရမိခြင်း ရှိ မရှိဆိုသည်မှာလည်း မသိကြရသေးသည့်အပြင် ယခင်ကာလက ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုကဲ့သို့သောဖြစ်စဉ်များ၏ တရားခံများကိုလည်း ယနေ့ထက်ထိ ဖမ်းဆီးရမိသည့်သတင်း မကြားရသေးပေ။ အမှန်ဆိုလျှင် နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ (Criminal Law& Procedure) တရားမမှုနှင့် လုပ်ထုံးလုပ်နည်းများ (Civil Law & Procedure) တို့တွင် ရဲတပ်ဖွဲ့တို့ ကနဦးဖမ်းဆီးစစ်ဆေးကြရမည့်အချက်များ (Police Statement) ဥပဒေရုံးသို့ အမှုတွဲပြင်ဆင်ပေးပို့ကြရမည့် လုပ်ထုံးလုပ်နည်းများ၊ တရားသူကြီးများက အဆင့်လိုက် စစ်ဆေးစီရင်ကြရမည့်လုပ်နည်းများ (ယခုကဲ့သို့ တရားခံထွက်ပြေးလျှင် ထုတ်ဆင့်ရမည့်ဝရမ်းပုံစံများ၊ ကြော်ငြာ ကပ်ရန်နေရာများ၊ ဝင်ရောက်ရှာဖွေရန်နေရာနှင့် ရှာဖွေနည်းများ) အားလုံး ပြည့်ပြည့်စုံစုံပါဝင်ပြီးဖြစ်သည်။ ယနေ့အချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများ လက်ကိုင်ပြုပြီး စီရင်ဆောင်ရွက်နေကြရသည်မှာလည်း ထိုဥပဒေကြီး ၂ ခုပါအထဲက လုပ်ထုံးလုပ်နည်းများအတိုင်းပင်ဖြစ်သည်။ ထို့ထက်ထူးခြားပြီး ဆောင်ရွက်၍မရသကဲ့သို့ ထူးခြားသည်မှာ တရားသူကြီးများကိုသာ ၎င်းတို့၏ဉာဏ်ပညာအမြော်အမြင် (အဂတိတရားကင်းကင်းဖြင့် စီရင်ချက်ချမှတ်ရန်) ဖြင့် ဆောင်ရွက်တတ်ကြရန် အချို့သောပြစ်မှုများအတွက် ပြစ်ဒဏ်များကို အထက်တွင်တင်ပြထားသည့်အတိုင်း အကြီးအသေးအပေါ်မူတည်ပြီး နှစ်မျိုးထည့်သွင်းပေးထားကြခြင်းဖြစ်သည်။ သို့သော်လည်း အမှန်လက်တွေ့တွင်မူ ထိုသို့ ဖြစ်၊ မဖြစ် ဆိုသည်မှာ တရားသူကြီးများပင်သိကြသည်။ မိမိတို့မည်မျှအထိ အဂတိကင်းသည်။ မိမိတို့မည်မျှအထိ ဥပဒေကိုလေးစားသည်ဆိုသည်မှာ မိမိတို့သာ အသိဆုံးဖြစ်ကြပေမည်။ တရားကိုနတ်စောင့်သည် ဆိုသည့်စကားမှာ အကြောင်းမဲ့တော့ ဟုတ်မည်မထင်ပေ။

ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြစ်မှုကျူးလွန်သူ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံအတွင်းနေထိုင်ပြီး နိုင်ငံတော်၏တရားဥပဒေ များကိုဖောက်ဖျက်၍ မထီလေးစားပြုရာရောက်သလို ထိုသို့ပြုလုပ်ခြင်းပင်လျှင် ပြစ်မှုတစ်ခုကို ထပ်မံဖောက်ဖျက်ခြင်းပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦးအနေနှင့် နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများအားလုံးကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်း၏ပုဒ်မ (၃၈၄) တွင် အတိအလင်းပြဋ္ဌာန်းထားရှိထားသည်။ နောက်တစ်ဖန် ထိုအခန်းတွင်ပင် ပုဒ်မ (၃၄၇) တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပါရှိသည်။ ထိုအရာနှင့်ဆက်စပ်၍လည်း မိမိတို့နိုင်ငံသားများအနေနှင့် မတရားပြုကျင့်ခံရလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရလျှင်ဖြစ်စေ ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိစေရမည်ဟုလည်း ပုဒ်မ (၃၇၅) တွင် ဖော်ပြထားလေသည်။ ထို့ပြင် နိုင်ငံသားများ၏အခွင့်အရေးကိုထည့်တွက်ပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန်လိုအပ်သောကိစ္စ (သို့မဟုတ်) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသောတရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ချုပ်နှောင်ခြင်းမပြုရဟုလည်း ပုဒ်မ (၃၇၆) တွင် ထည့်သွင်းပေးထားခဲ့ပြန်ပါသည်။

ဆိုလိုသည်မှာ နိုင်ငံသားများအနေနှင့် နိုင်ငံအတွင်းတွင်နေထိုင်ကြလျှင် နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် တရားဥပဒေများအတိုင်းပြုကျင့် လိုက်နာနေထိုင်ကြရမည်ဖြစ်ပြီး မိမိအပေါ် မတရားပြုကျင့်ခံရခြင်း၊ စွပ်စွဲခံရခြင်းများဖြစ်ပေါ်လာပါကလည်း ဥပဒေအရ အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားရှိပေးထားပါသည်။ တစ်ဖန် မိမိတို့ကိုယ်တိုင်က ပြစ်မှုကျူးလွန်ပါကလည်း နိုင်ငံတော်မှ ပြဋ္ဌာန်းပေးထားသည့် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များအတိုင်းသာ ပြစ်ဒဏ်ခံကြရမည်မှာလည်း အမှန်ပင်ဖြစ်သည်။ အထက်ပါဖြစ်စဉ်များကဲ့သို့ ဥပဒေကို မသိကျိုးကျွန်ပြုကာ ဆိုင်ရာသူများနှင့် အပေးအယူပြုလုပ်ပြီး ဥပဒေကိုလက်တစ်လုံးခြား ကျူးလွန်ကြရန် မသင့်ကြတော့ချေ။ ထိုဖြစ်စဉ်ဖြစ်ရပ်မျိုးများသည် ယခင် ခေတ်ဟောင်းစနစ်ဟောင်းများတွင် ကျန်နေခဲ့ရတော့မည့်အချိန်ဖြစ်သည်။ တာဝန်ရှိနိုင်ငံ့ဝန်ထမ်း များအနေဖြင့်လည်း ခေတ်ဟောင်းစနစ်ဟောင်းများမှ အကျင့်ဟောင်းများကို ပြောင်းလဲလာသည့် ခေတ်စနစ်အခြေအနေများအပေါ်လိုက်ပြီး ပြောင်းလဲကြရတော့မည်ဖြစ်သည်။ အဟိံတိရစ္ဆာန်တစ်ကောင်ဖြစ်သည့် ပုတ်သင်ညိုပင်လျှင် ၎င်းအသက်ရှင်နေထိုင်နိုင်ရေးအတွက် ရာသီအလိုက် အရောင်ပြောင်းကာ သဘာဝပတ်ဝန်းကျင်အရောင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုကျင့်နေတတ်သေးလျှင် လူသားများအတွက် သာ၍ပြောင်းလဲကြရမည်ဖြစ်သည်။

ထိုသို့ဆိုလိုသည်မှာလည်း အကြောင်းများစွာရှိသည်။ ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများ ထွက်ပြေးတိမ်းရှောင်နေကြသည့်ဖြစ်စဉ်မျိုးများသည် ယခင်ကာလများတွင်လည်း အတော်ကြားခဲ့ရဖူးပြီးဖြစ်သည်။ မိမိတို့ကျူးလွန်ကြသည့်ပြစ်မှုများအတွက် ပြစ်ဒဏ်များကျခံကြမည်ကို စိုးရိမ်ကြောက်ရွံ့ပြီး အဖမ်းမခံကြပေ။ အချို့ဆိုလျှင် ခပ်ဝေးဝေးသို့ပင် ထွက်ပြေးတိမ်းရှောင်ကြသည်မဟုတ်။ မိမိတို့အိမ်တွင်ပင် မူလအလုပ်မပျက်ဆက် လက်လုပ်ကိုင်လျှင်နေကြသည်။ ထိုသို့နေထိုင်နိုင်ရေးအတွက် ဆိုင်ရာတာဝန်ရှိသူများကို လာဘ်ထိုးထားကြရသည်။ ဆိုင်ရာတာဝန်ရှိသူများ ကလည်း အကျင့်ပျက်လာဘ်စားပြီး လစဉ်ကြေးယူကာ ဖမ်းဆီးခြင်းမပြု။ မိမိတို့၏ လုပ်ငန်းလက်စွဲပါ လုပ်ထုံးလုပ်နည်းဥပဒေပါ လုပ်ငန်းစဉ်များအတိုင်း မဆောင်ရွက်တော့ချေ။ တရားသူကြီးများက ဖမ်းဆီးခွင့်ဝရမ်းထုတ်ဆင့်ကာ ဖမ်းဆီးပိုင်ခွင့်ရှိသူများကို ဖမ်းစေသော်လည်း နှစ်ကာလသာကြာသွားသည့်တိုင်း တရားခံကို ဖမ်းမမိ။ တရားရုံးတွင်သာ အမှုလက်ကျန်အနေနှင့် အမှုတွဲဟောင်းတစ်ခုကျန်ရစ်ပြီး ကာလကြာသည့်အခါ အဆိုပါအမှုတွဲကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ကြခြင်းဖြင့် အဆိုပါ တရားခံပြေးဆိုသည့်အမှုသည်လည်း စုန်းစုန်းမြုပ်ကာ ပပျောက်သွားတတ်ကြတော့သည့်ဖြစ်စဉ်များ အများအပြားရှိခဲ့ဖူးသည်။

သို့သော်လည်း ထိုကိစ္စများမှာ နှစ်ကာလမှာ အခါခါပြောင်းလဲခဲ့ပြီး နိုင်ငံရေးစနစ်များပင်ပြောင်းပြီး ဒီမိုကရေစီစနစ်အရ အစိုးရနှစ်ရပ်ပင် ပြောင်းလာခဲ့သော်လည်း ယနေ့အချိန်ထိ မပြောင်း၊ ခေတ်ဟောင်းစနစ် ဟောင်းအတိုင်းသာ သွားမြဲသွားနေဆဲဖြစ်သည်။ ပြစ်မှုကျူးလွန်သူများကလည်း ငွေပေးလျှင်ရသည်။ ကြာလျှင်အမှုပျောက်သွားလိမ့်မည်ဟု အထင်ရှိကြသည်။ ၎င်းတို့ကို ထိုအတိုင်းပြုလုပ်ကြရန် အကြံပေးသူက ပေးမည်။ ထိုနည်းဖြင့်ပင် နိုင်ငံအတွင်းရှိ ဥပဒေများသည် သားရေကွင်းပမာ လျှော့ချင်သည့်အခါလျှော့၊ တင်းချင်သည့်အခါတင်း၍ရပြီး ပြည်သူများကလည်း လေးစားမှုမရှိကြတော့သည့်အဖြစ်သို့ ရောက်မှန်းမသိ ရောက်သွားခဲ့ကြရတော့သည်။ အချို့ဥပဒေများဆိုလျှင် ပြစ်မှုတစ်ခုအတွက် အပေါ့အလေးအပေါ်မူတည်ပြီး ငွေဒဏ်နှင့်ထောင်ဒဏ်နှစ်မျိုး ထည့်သွင်းပြဋ္ဌာန်းထားပေးသည်။ ထိုအခါ မည်မျှပြစ်မှုကြီးသည်ဖြစ်စေ၊ အချို့သော အမှုများသည် မဖြစ်စလောက်ငွေဒဏ်ကလေးနှင့်သာ ပြီးဆုံးသွားရတတ်လေ့ရှိသည်။ အချို့သော ဥပဒေပါပြစ်ဒဏ်များမှာလည်း အရပ်စကားဖြင့် ပြောရလျှင် ဘိုးတော်မင်းလေးဖက်ထောက်သွားစဉ်အခါက ရေးဆွဲထားသည့်ဥပဒေများဖြစ်၍လားမသိ၊ ချမှတ်ရမည့်ငွေဒဏ်နှင့် ထောင်ဒဏ်များမှာ ယခင်ကအတိုင်း မပြောင်းလဲနိုင်သေးချေ။ ငွေဒဏ်တစ်ထောင်နှင့် ထောင် ၈ ရက်ဆိုသည်မျိုး အချို့နေရာများတွင် ယနေ့အချိန်အထိ ရှိနေသေးသည်။ ပြီးခဲ့သည့်နှစ်က YBS ယာဉ်အကူက ခရီးသည်အမျိုးသမီးကို လက်သီးဖြင့်ထိုးသည်။ ပြစ်ဒဏ်ချသည့်အခါ ထောင် ၈ ရက်သာကျသည်။ ထိုအခါ အများက ပြက်ရယ်ပြုကြသည်။ ဆိုလိုသည်မှာ ထိုကိစ္စများပင်ဖြစ်သည်။ နောက်တစ်မျိုးမှာ အချို့သောပြစ်မှုများအတွက် အရေးယူရန် တရားစွဲဆိုကြသည့်အခါ ပြစ်ဒဏ်ကြီးမားစွာချမှတ်နိုင်သည့် မူလဥပဒေ (Mother Law) များ ရှိနေပါလျက်နှင့် ပြစ်ဒဏ်လျှော့ပေါ့စေချင်သည့်အခါ နွယ်ပွားဥပဒေပါပြစ်ဒဏ်များဖြင့် စီရင်ကြပြန်သည်။

နိဂုံးချုပ်အားဖြင့်တင်ပြရလျှင် ဆိုခဲ့သည့်အတိုင်း နိုင်ငံသားများ ပြစ်မှုကျူးလွန်လျှင် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ထိထိရောက်ရောက် ဖမ်းဆီး၊ အရေးယူမှသာ တရားဥပဒေကို လေးစားရကောင်းမှန်းသိလာမည်ဖြစ်ပြီး အကြောင်းတစ်ခုခုကြောင့် ပေါ့လျော့ခြင်း၊ အဂတိလိုက်စားခြင်း၊ အစိမ်းအကျက် မျက်နှာသာပေးခြင်းများရှိပါက ပြစ်မှုကျူးလွန်သူများက ဥပဒေများကို ပြက်ရယ်ပြုပြီး ယခုကဲ့သို့ အရေးယူခြင်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေကြလိမ့်မည်ဖြစ်သည်။ ထိုအပြုအမူများသည် တစ်နည်းအားဖြင့်ဆိုရလျှင် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေကြရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် တရားသူကြီးများ၊ ဥပဒေအရာရှိ (ရှေ့နေများ) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို မထီလေးစားပြုရာရောက်ပြီး တန်ဖိုးထားကြောက်ရွံ့ခြင်း အလျှင်းမရှိကြကြောင်း ပြသနေဘိသကဲ့သို့ ဖြစ်ရသည်။ သို့အတွက် ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများနှင့်အညီ ဒီမိုကရေစီအစိုးရများ၏ ပင်မကျောရိုးသည် တရားဥပဒေကို ပြည်သူနှင့် အုပ်ချုပ်သူများများက အပြန်ပြန်အလှန်လှန် လေးစားလိုက်နာကြခြင်းဖြင့် သာယာဝပြောသည့် လူ့ဘောင်သစ်တစ်ခုကို မနှေးအမြန် ဖန်တီးနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

အောင်ဇေယျ