News

POST TYPE

EDITOR PICK POST

လိုင်စင်မဲ့ လူနာတင်ယာဉ်ကို စည်းကမ်းဖောက်သည်ဟုဆိုကာ ပိုက်ဆံတောင်းသည့် ယာဉ်ထိန်းရဲကို စုံခုံဖွဲ့စစ်
27-Jun-2018
တောင်ငူ၊ ဇွန် ၂၇

တောင်ငူ နည်းပညာတက္ကသိုလ် ကျောင်းသားများ ပရဟိတအဖွဲ့ပိုင် လိုင်စင်မဲ့ အရေးပေါ် လူနာတင်ယာဉ်ကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က စည်းကမ်းဖောက်သည်ဟုဆိုပြီး ငွေကျပ်သုံးသောင်း တောင်းခံခဲ့သည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီးကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ယာဉ်ထိန်းတပ်ကြပ်ကြီးကို လတ် တလောမှာ စုံခုံတပ်ချုပ်ဖွဲ့ပြီး စစ်ဆေးနေ တယ်။ စစ်ဆေးချက်ပြီးစီးမှ ဘယ်လိုလုပ် မယ်ဆိုတာသိရမယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းနေ့နံနက်က အဆိုပါအသင်းမှ လူနာတစ်ဦးကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ အသင်းပိုင် လိုင်စင်မဲ့ယာဉ်ဖြင့် ယာဉ်မောင်း ဦးရှိုင်းထက်အောင်နှင့် ယာဉ်အကူတစ်ဦးတို့ပို့ဆောင်စဉ် ကျောက်မျက်ခန်းမရှေ့သို့အရောက် စည်းကမ်းဖောက်ဖျက်သည်ဟုဆိုပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ကြပ်ကြီးစန်းဝင်းက လိုင်စင်မဲ့ကားဖြစ်သည့်အတွက် တရားရုံးတွင် ဒဏ်ငွေဆောင်ပါက ကျပ်တစ်သိန်းခန့် ကုန်ကျနိုင်သည့်အတွက် ငွေကျပ် သုံးသောင်းပေးရန် တောင်းခံခဲ့ရာ လူနာကပေးဆောင်ပေးခဲ့သည်ဟု ဦးရှိုင်းထက်အောင်က လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားခဲ့ပြီးနောက် ယာဉ်ထိန်းရဲအဖွဲ့က စုံခုံဖွဲ့စစ်ဆေးရန် ပြင်ဆင်လာခြင်းဖြစ်သည်။

“ကျွန်တော်က ဝန်ထမ်းကို အလုပ်ပြုတ်မှာလည်း မလိုလားဘူး။ လူနာတင်ရင် ကားတွေ ဒုက္ခရောက်မှာလည်း စိုးတယ်။ အခုတော့ လူနာပါရင် အကုန်ကူညီမယ်ဆိုပြီး ယာဉ်ထိန်းအရာရှိတစ်ဦးက ပြောတယ်”ဟု နည်းပညာ ကျောင်းသားတစ်ဦးဖြစ်သူ မောင်ရှိုင်းထက်ဇော်က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များဖြင့် လူနာပို့ဆောင်ခြင်း၊ အလောင်း သယ်ပို့ခြင်းများ ပြုလုပ်မည်ဆိုပါက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းနှင့် ပြည်နယ် အသီးသီးရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအချို့က စာထုတ်ပြန်ခဲ့သည့်အတွက် ပရဟိတအသင်းအချို့ ရပ်နားခဲ့ရပြီး ယင်းအပေါ် ပရဟိတ လုပ်ဆောင်သူများက ဝေဖန်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းပါက သွင်းကုန် ထုတ်ကုန် အက်ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ကိုဖြစ်စေ၊ ဒဏ်ငွေကိုဖြစ်စေ တစ်ခု(သို့မဟုတ်) နှစ်ခုလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပဲခူးမြို့နယ် တရားသူကြီးတစ်ဦးက ပြောကြားသည်။

R-15