News

POST TYPE

EDITOR PICK POST

မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်သည့် ကုမ္ပဏီများကို အလုပ်သမားဝန်ကြီးဌာနသတိပေး
25-Jun-2018
ရန်ကုန်၊ ဇွန် ၂၄

မလေးရှားရောက် အလုပ်သမားများမှ ဘဏ်နှင့်ချိတ်ဆက်ငွေလွှဲမှုမရှိသဖြင့် လုပ်သားစေလွှတ်သည့် ကုမ္ပဏီများကို အလုပ်သမားဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းစည်သူက ပြောကြားသည်။

မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်နေသည့် အေဂျင်စီ ၁၅၀ အနက် အေဂျင်စီ ၄ ခုမှ လုပ်သားများသာ မိသားစုထံ ဘဏ်နှင့် ချိတ်ဆက်ငွေလွှဲခဲ့ကြောင်း သက်သေအထောက်အထားပြနိုင်သည့်အတွက် အလုပ်သမားဝန်ကြီးဌာနက ခေါ်ယူသတိပေးခံရခြင်းဖြစ်သည်။

“ကျွန်တော်တို့က အလုပ်သမားစေလွှတ်တာနဲ့ ဘဏ်စာရင်းတွေ ဖွင့်ပေးတယ်။ ဒါပေမဲ့ သူတို့ကို မေးရင် ဘယ်သူနဲ့ လွှဲသလဲဆိုမပြောနိုင်ဘူး။ ဘယ်သူ့ဆီ လွဲသလဲ၊ ငွေဘယ်လောက်လွှဲသလဲကို မပြနိုင်ဘူး။ မနေ့က ဝန်ကြီးဌာနက မလေးပို့တဲ့ အေဂျင်စီတွေကိုခေါ်ပြီး သတိပေးတယ်”ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ပိတ်ခဲ့ပြီး ယခုနှစ်ဖေဖော်ဝါရီတွင် လုပ်သားစေလွှတ်မှုကို အစိုးရက တရားဝင်လုပ်သားစေလွှတ်ခွင့်ပြုရန် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက လွှတ်တော်တွင် မိသားစုထံ ငွေလွှဲပြောင်းငွေကို အသင်းအနေနှင့်တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ဇွန်လ ၂၃ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၊ မလေးရှားစေလွှတ်သည့် အေဂျင်စီများ၊ နိုင်ငံတော်ဘဏ်များမှ ညွှန်ကြားရေးမှူးများ၊ လ/ထညွှန်ကြားရေးမှူးများနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ ရန်ကုန်မြို့ အလုပ်သမားလေ့ကျင့်ရေး ရန်ကင်းသင်တန်းကျောင်းတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်ငွေလွှဲရန် ဆွေးနွေးခဲ့ကြသည်။

မလေးရှားသို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက လုပ်သားစေလွှတ်မှု ပြန်လည်ခွင့်ပြုပြီးနောက် ဖေဖေါ်ဝါရီလမှ ဇွန်လအထိကို ပြည်ပအလုပ်အကိုင် အေဂျင်စီပေါင်း ၁၅၀ မှ စေလွှတ်ခဲ့သည့် လုပ်သား ၃၆၀၀ ရှိကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများကို တာဝန်ယူစေလွှတ်သည် အေဂျင်စီများက ကမ္ဘောဇဘဏ်နှင့် CB ဘဏ်၊ AGD ဘဏ်တို့ဖြင့် ချိတ်ဆက်၍ ဘဏ်အကောင့်တွင် မြန်မာငွေတစ်ထောင်ဖြင့် စတင်ဖွင့်လှစ်ပေးထားကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းထံမှ ဆက်လက်သိရသည်။

“မိသားစု လွှဲပြောင်းငွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး တရားဝင်လွှဲရင် တစ်နှစ်အတွင်း ဘယ်လောက်လွှဲသလဲဆို တိုင်းပြည် GDP ကို တွက်လို့ရတယ်။ နောက်ပြီး ငွေကြေးလိမ်လည်ခံရမှုတွေလည်း လျှော့နည်းလာမယ်။ အဲဒီအတွက် ဘဏ်နဲ့ချိတ်ဆက်ငွေလွှဲဖို့ တိုက်တွန်းတာပါ”ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဆိုသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများကို မလိုက်နာသည် အေဂျင်စီများကို ခေါ်ယူသတိပေးခံရမှုနှင့်ပတ်သက်၍ “ ဝန်ကြီးဌာနချမှတ်တာကို အလေးထားရမှာပေါ့။ အခုကုမ္ပဏီလေးခုက အလုပ်သမားပဲ ဘဏ်နဲ့ငွေလွှဲတယ်။ ကျွန်တော်တို့ကို မနေ့က ခေါ်အသိပေးတယ်။ တရားဝင်လွှဲမှလည်း တိုင်းပြည် GDP အတွက် တိုးမယ်”ဟု Gold Royal ကုမ္ပဏီမှ ဒါရိုက်တာကိုထွဋ်က ပြောကြားသည်။

ထို့ကြောင့် မလေးရှားသို့ စေလွှတ်မည့် အလုပ်သမားအတွက် အေဂျင်စီများနှင့် မလေးရှားလုပ်ငန်းရှင်များ ချိတ်ဆက်၍ ငွေလွှဲပို့နိုင်ရန် အလုပ်ရှင်ဘက်က တာဝန်ယူပြီး ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် စီစဉ်မည်ဟု ၎င်းက ပြောကြားသည်။

“အလုပ်သမားတွေ ပိတ်ရက် တနင်္ဂနွေနားရက် ငွေလွှဲဖို့က အဆင်မပြေဘူး။ နောက်ပြီး သူတို့အလုပ်နားချိန်ဆို ညနေပိုင်းဖြစ်တော့ ဘယ်လို့မှ ဘဏ်နဲ့ချိတ်ဖို့ အဆင်မပြေ၊ နောက်တစ်ချက်က ဖောင်ဖြည့်တဲ့အခါ အင်္ဂလိပ်လို့ဖြည့်ရတော့ သူတို့အတွက် အခက်အခဲရှိတော့ သူတို့ နီးစပ်ရာလူနဲ့ချိတ်ပြီး ငွေလွှဲကြတယ်”ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့်တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၇,၇၀၅ ရှိကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ထားသည်။

J-18


  • VIA