News

POST TYPE

EDITOR PICK POST

ဂါဇာတွင် ပါလက်စတိုင်းတို့အပေါ် အင်အားအလွန်အကျွံအသုံးပြုမှုကြောင့် ကုလသမဂ္ဂတွင် အစ္စရေးကို ပြစ်တင်ရှုတ်ချ
15-Jun-2018

နယူးယောက် ဇွန် ၁၄

ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်း ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်း မှုကြောင့် အစ္စရေးကို ပြစ်တင်ရှုတ်ချရန် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေညီလာ ခံတွင် မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ဟားမားစ် အဖွဲ့ကို အပြစ်တင်မည့် အမေရိကန်၏ အဆိုပြုမှုကိုမူ ကန့်ကွက်ပယ်ချလိုက်ကြသည်ဟု DW သတင်းတွင်ဖော်ပြထားသည်။

အယ်လ်ဂျီးရီးယား၊ တူရကီနှင့် ပါလက်စတိုင်းတို့က တင်ပြသော အစ္စရေးကို ပြစ်တင်ရှုတ်ချသည့်အဆိုကို ကုလအဖွဲ့ဝင် ၁၉၃ အနက် ထောက်ခံမဲ ၁၂၀၊ ကန့်ကွက်မဲ ၈ မဲ၊ ကြားနေ ၄၅ မဲဖြင့် အတည်ပြုခဲ့သည်။ အလားတူ အဆိုကို ယခုလအစောပိုင်းက လုံခြုံရေးကောင်စီတွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက် ကြခြင်းဖြစ်သည်။

ဂါဇာတွင် မတ်လကတည်းက ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း အစ္စရေးစစ်သားများ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၂၀ ကျော် သေဆုံးခဲ့ပြီး ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြသည်။ ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားသော ဟားမားစ်တို့က ဆန္ဒပြမှုများကို လှုံ့ဆော်ခဲ့သည်ဟု အစ္စရေးဖက်က အပြစ်တင်ပြောကြား ခဲ့သည်။

ယခုဆုံးဖြတ်ချက်တွင် အစ္စရေး သိမ်းပိုက်ထားသောဒေသမှ ပါလက်စတိုင်း အရပ်သားများအား နိုင်ငံတကာအကာ အကွယ်ပေးမှုစနစ် ထားရှိရေး အပါအဝင် ဘေးကင်းလုံခြုံစေမည့် နည်းလမ်းများအတွက် အဆိုပြုချက်များကို အကောင်အထည်ဖော်ရန် အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို တောင်းဆိုထားသည်။

နိုင်ငံတကာ အကာအကွယ်ပေးမှု တပ်ဖွဲ့များထားရှိရေး အကြံအစည်ကို ယခင်လက အစ္စတန်ဘူးလ် OIC အစည်းအဝေးတွင် ထုတ်ဖော်ခဲ့ကြသော်လည်း လုံခြုံရေးကောင်စီ၏ အတည်ပြုမှုကို လိုအပ်ပြီး ဝါရှင်တန်က ဗီတိုဖြင့် ပယ်ချဖွယ်ရှိသည်ဟု သိရှိရသည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွင် ဂါဇာကမ်းမြောင်သို့ အဝင်အထွက်သွားလာမှုများအပေါ် အစ္စရေးက ပိတ်ပင်ထားမှုများ အဆုံးသတ်စေမည့် ဆောင်ရွက်ချက်များ ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

၂၀၀၇ တွင် ဂါဇာကို ဟားမားစ်အဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အစ္စရေးနှင့် အီဂျစ်တို့က ဂါဇာကမ်းမြောင်ကို တောက်လျှောက်ပိတ်ဆို့ထားခဲ့ကြသည်။ အစ္စရေး၏ ၂၀၀၈ နှင့် ၂၀၁၄ စစ်ဆင်ရေးများကြောင့် ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကျရောက်နေပြီး ထိုဒေသတွင် နေထိုင်သူ ၂ သန်းအတွက် ၂၀၂၀ တွင် နေထိုင်ရှင်သန်ရန် မဖြစ်နိုင်တော့ဟု ကုလသမဂ္ဂက သတိပေးထားသည်။

ကုလသမဂ္ဂဆုံးဖြတ်ချက်တွင် အစ္စရေးသို့ ဂါဇာမှဒုံးကျည်များ ပစ်ခတ်မှုကို ပစ်တင်ရှုတ်ချထားသော်လည်း ဟားမားစ်အဖွဲ့ကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမပြုပေ။ မေလ ၂၉ ရက်က ဂါဇာမှ အစ္စရေးသို့ ဒုံးကျည် ၇၀ ခန့် ပစ်ခတ်ခဲ့ရာအများစုကို အစ္စရေး ဒုံးခွင်းဒုံးစနစ်က ကြားဖြတ်ပစ်ချနိုင်ခဲ့သည်။

ကုလအဖွဲ့ဝင်နိုင်ငံများသည် အာရပ်နှင့် အစ္စလာမ်တို့၏ အဆိုပြုချက်ကို ထောက်ခံခြင်းဖြင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံကာ ဟားမားစ် တို့ကို အားပေးနေသည်ဟု ကုလဆိုင်ရာ အစ္စရေးသံအမတ်ကြီးက ညီလာခံတွင် မဲမခွဲမီ ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်တွင် ဟားမားစ်အဖွဲ့ကို အပြစ်တင်သည့်အချက် ထည့်သွင်းပြင်ဆင်ရန် အမေရိကန်က ကြိုးစားခဲ့သော်လည်း ထောက်ခံ ၆၂ မဲ၊ ကန့်ကွက် ၅၈ မဲ၊ ကြားနေ ၄၂ မဲဖြင့် ထောက်ခံမှု သုံးပုံနှစ်ပုံ မရသောကြောင့် အတည်မပြုနိုင်ခဲ့ပေ။

အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက “ဒီလိုတစ်ဖက်သတ် ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သမ္မတအဘတ်စ်ကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီရောက်လာရေးကို အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်း သမ္မတအဘတ်စ်သည် ဟားမားစ်အဖွဲ့၏ ပြိုင်ဘက်ဖြစ်ပြီး ဂါဇာကို ဒဏ်ခတ်သည့် အစီအစဉ်များကို ချမှတ်ထားသည်။ ဟားမားစ်အဖွဲ့ကို ဆန့်ကျင်သော အဘတ်စ်၏ မူဝါဒများကို မကြာသေးမီရက်များအတွင်း အနောက် ဘက်ကမ်းမှ ပါလက်စတိုင်းများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ပါလက်စတိုင်း သံအမတ် ရီယတ် မန်ဆူကမူ ဟားမားစ်ကို အပြစ်တင်သည့် အမေရိကန်၏ ပရိယာယ်တွင် နစ်မျောမသွားကြရန် သံအမတ်များကို တိုက်တွန်းခဲ့သည်။

F-04