News

POST TYPE

EDITOR PICK POST

အစ္စရေးမှ ရခိုင်ပြည်နယ်အတွက် UEHRD မှတစ်ဆင့် ရေသန့်စက် လေးလုံးလှူ
11-Jun-2018



ရန်ကုန်၊ ဇွန် ၁၀ 

အစ္စရေးနိုင်ငံမှ ရခိုင်ပြည်နယ်အတွက် ရေသန့်စက်လေးလုံးကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီအထောက်အကူပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးကော်မတီ UEHRD မှတစ်ဆင့် ဇွန်လ ၉ ရက်နေ့၌ လှူဒါန်းခဲ့သည်။

အဆိုပါရေသန့်စက်များကို ရခိုင်ပြည်နယ် မောင်တောဒေသတွင် အသုံးပြုသွားမည်ဖြစ်ပြီး အသုံးပြုမည့်နေရာ အတိအကျကို မဆုံးဖြတ်ရသေးကြောင်း UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

“ဆရာတို့ ဒါကို ပြန်လည်လက်ခံရေးစခန်းတွေမှာပဲ ထားမလား၊ ဘယ်နေရာမှာသုံးမလဲဆိုတာ အတိအကျမဆုံးဖြတ်ရသေးဘူး။ ဒီနည်းပညာကလည်း မောင်တောမှမဟုတ်ဘူး တစ်နိုင်ငံလုံးတောင် လိုသေးတယ်”ဟု ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။

ရေသန့်စင်စက်များကို မောင်တောမြို့အတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသော UEHRD အောက်ရှိ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦ တည်ဆောက် ရေးအဖွဲ့ CITF အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုရေသန့်စက်၏ တန်ဖိုးနှင့်ပတ်သက်သည့် အချက်များကို အစ္စရေးသံအမတ်ကြီး မစ္စတာဒန်နီရယ်ဇွန်ရှိုင်းက ထည့်သွင်းဖြေကြားခဲ့ခြင်းမရှိဘဲ “ငွေကြေးတန်ဖိုးဆိုတာထက် အသုံးဝင်မှုက ပိုအရေးကြီးတယ်”ဟု မီဒီယာသမားများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါရေသန့်စက်များသည် စွမ်းအင်မလိုအပ်ဘဲ လက်ဖြင့်နှိပ်၍အသုံးပြုရပြီး တစ်နာရီတွင် ရေလီတာ ၅၀၀ ကို သန့်စင်နိုင်ကြောင်း သံအမတ်ကြီးက ရှင်းပြခဲ့သည်။

ဝေလင်း


  • VIA