News

POST TYPE

EDITOR PICK POST

ဂျပန်နှင့် ကိုရီးယားနှစ်နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြု၊ တရုတ်ခရီးသွားများကို ဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့်ပြုမည်
11-Jun-2018



ရန်ကုန်၊ ဇွန် ၁၀

မြန်မာနိုင်ငံအနေနှင့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှ ခရီးသွားများကို ယခုနှစ် အောက်တိုဘာမှစ၍ ဗီဇာကင်းလွတ်ခွင့် ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားများကို ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။ 

“အဲဒီရက်ကို စခွင့်ပြုဖို့ စီစဉ်နေတာတော့ရှိတယ်။ ဧည့်သည်တိုးဖို့အတွက် ဝန်ကြီးဌာနအပိုင်းက မနှစ်တည်းက စီစဉ်နေတာဖြစ်တယ်။ ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်လောက် စမ်းသပ်လုပ်မယ်လို့ သိထားတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမြင့်တက်ရန် ဆောင်ရွက်မည့် ဗီဇာကင်းလွတ်ခွင့်ပြုရန် အစီအစဉ်ကို အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ဂျပန်နှင့်ကိုရီးယားနိုင်ငံများမှ လာရောက်လည်ပတ်ပါက အာဆီယံနိုင်ငံများအတိုင်း မြန်မာနိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ခရီးသည်များအနေနှင့် လေဆိပ်များတွင် အချက်အလက်များ ဖြည့်သွင်း၍ ဆိုက်ရောက်ဗီဇာကို လျှောက်ထားရမည်ဖြစ်ကြောင်း ဦးမောင်မောင်ဆွေက ဆက်လက်ရှင်းပြသည်။

ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သည့် အခြေအနေများကြောင့် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်အတွင်း လာရောက်လည်ပတ်မည့် ခရီးစဉ်များ၏ ၅၀ ရာခိုင်နှုန်းကို ပယ်ဖျက်မှုများရှိခဲ့ပြီး ယင်းတို့တွင် ဥရောပနိုင်ငံသားများ၏ဝင်ရောက်မှုမှာ လျော့နည်းခဲ့ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံသားများမှ ဝင်ရောက်မှု ပိုမိုများပြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဒီနေ့ ဟိုတယ်ခရီးပြည်ထောင်စုဝန်ကြီးက Visa Free အကြောင်း တရားဝင်ပြောသွားတယ်။ ဒီနှစ်အောက်တိုဘာလမှစပြီး ဂျပန်နဲ့ ကိုရီးယားလူမျိုးတွေကို Visa Free ပေးမှာဖြစ်ပြီး တရုတ်လူမျိုးတွေကိုတော့ ဆိုက်ရောက်ဗီဇာ VOA ပေးမယ်။ ဒီတစ်နှစ် ဧည့်သည်ဝင်ရောက်မှုကိုကြည့်ပြီး ဆက်လက်ပေးမပေး ထပ်မံဆုံးဖြတ်မယ်ပေါ့”ဟု ဇွန်လ ၉ ရက် က မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) က ပြုလုပ်သည့် ရန်ကုန်အမြင်သစ် ဓာတ်ပုံပြပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ လက်ရှိတွင် ကမ္ဘာလှည့်ခရီးသည်ဦးရေ ပျမ်းမျှ ၁ ဒသမ ၂ သန်းကျော် ဝင်ရောက်ထားပြီး ယင်းတို့တွင် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၃၁ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံမှ ၂၀ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံမှ ခရီးသည် ၂ ရာခိုင်နှုန်း ဝင်ရောက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှသိရသည်။

တရုတ်ခရီးသွားများသည် အစုအဖွဲ့ဖြင့် သွားလာမှုများပြားပြီး ဗီဇာဖောင်ဖြည့်ရာတွင် အင်္ဂလိပ်ဘာသာစကား အားနည်းသဖြင့် အခက်အခဲများရှိနေဆဲဖြစ်ပြီး ဂျပန်ခရီးသည်များသည် စီးပွားရေးဆိုင်ရာကိစ္စရပ်များဖြင့် လာရောက်မှု ပိုမိုများပြားကြောင်း၊ ကိုရီးယားလူမျိုးများသည် ဝင်ရောက်မှုအနည်းငယ်သာရှိသေးကြောင်း ဧည့်လမ်းညွှန်များထံမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဦးရေ ၂၀၁၇ ခုနှစ်အတွင်း ၃ ဒသမ ၄ သန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသေးကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

J-14

  • VIA