News

POST TYPE

EDITOR PICK POST

ဂါဇာနယ်စပ် ဆန္ဒပြပွဲများတွင် အစ္စရေး၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၂၄ ဦးသေဆုံး၊ ၁၃၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ဟုဆေးအမှုထမ်းများပြောကြား
10-Jun-2018



ဂါဇာ၊ ဇွန် ၉

မတ်လ ၃၀ ရက်နေ့က စတင်ခဲ့သော အစ္စရေးနှင့် ဂါဇာနယ်စပ်ဒေသ ခြံစည်းရိုးတစ်လျှောက် ပါလက်စတိုင်းတို့၏ ချီတက်ဆန္ဒပြပွဲများအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၁၂၄ ဦးသေဆုံးခဲ့ပြီး ၁၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ 

သေဆုံးသူများထဲတွင် အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးပါဝင်သည်ဟု ပါလက်စတိုင်းဆေးအမှုထမ်းများက ပြောကြားသည်။ 

ပြီးခဲ့သည့် သောကြာနေ့ကမူ အယ်လ်ကွတ်ဟုအမည်ရသည့် အစ္စရေးဆန့်ကျင်ရေးအထိမ်းအမှတ်နေ့ဖြစ်ခဲ့ရာ နယ်စပ်ခြံစည်းရိုးနား ဆန္ဒပြပွဲများမှာ ဆူပူအုံကြွမှုအသွင်ဆောင်ခဲ့ကြောင်း၊ အစ္စရေးတပ်ဖွဲ့ဝင်များကလည်း ပါလက်စတိုင်း ဆန္ဒပြအင်အားစုများကို ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း DW သတင်းဌာနကဆိုသည်။ 

ထိုနေ့တစ်နေ့တည်းတွင် အစ္စရေးတို့၏ ပစ်ခတ်မှုကြောင့် နယ်စပ်ခြံစည်းရိုးရှိရာသို့ ချီတက်လာသော ပါလက်စတိုင်းလူမျိုးများအနက် လူ ၆၀၀ ကျော်ခန့် ဒဏ်ရာရရှိသွားခဲ့သည်။ ဂါဇာဒေသမှ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ ထိုနေ့က ၁၅ နှစ်အရွယ်ဆယ်ကျော်သက် အပါအဝင် လူလေးဦး သေဆုံးသွားခဲ့သည်။ 

ဂါဇာနှင့် အစ္စရေးနယ်စပ်ဒေသ ခြံစည်းရိုးတစ်လျှောက် ဆန္ဒပြမှုများကို ဟားမတ်စ်အုပ်စုကဦးဆောင်စည်းရုံးခဲ့ပြီး ၁၉၄၈ ခုနှစ်က လက်လွတ်ဆုံးရုံးခဲ့ရသော ပါလက်စတိုင်းတို့၏ မြေများပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

လနှင့်ချီကြာမြင့်လာပြီဖြစ်သော အဆိုပါဆန္ဒပြပွဲကြီးနှင့်ပတ်သက်၍ သောကြာနေ့ကပင် ကုလသမဂ္ဂအထွေထွေညီလာခံက လာမည့်ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပမည်ဖြစ်ပြီး ဂါဇာဒေသဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် (အာရပ်ကမ္ဘာ၏ ပံ့ပိုးမှုဖြင့်ရယူထားသော ဆုံးဖြတ်ချက်) ကို မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ 

ဂါဇာဒေသဆန္ဒပြပွဲများတွင် အစ္စရေး၏ လုပ်ဆောင်ချက်များ ကန့်ကွက်ရှုတ်ချမည့်ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ပြီးနောက် အာရပ်ကမ္ဘာနှင့် မွတ်ဆလင်နိုင်ငံများက ကုလသမဂ္ဂအထွေထွေညီလာခံတွင် အရေးပေါ်ဆွေးနွေးရန် တိုက်တွန်းခဲ့ကြသည်။ 

သတင်းထောက်များ၏ အဆိုအရ ပါလက်စတိုင်းတို့ဘက်မှ ဆန္ဒပြအုံကြွမှုများ မြင့်တက်လာသလို အစ္စရေးတို့ဘက်က အင်အားသုံးဖြိုခွင်းမှုများလည်း မြင့်တက်လာသည်။ “အစ္စရေးလုံခြုံရေးတွေက ဂျစ်ကားတွေနဲ့ ဦးစွာရောက်လာတယ်၊ ပြီးတော့ လူစုခွဲတယ်၊ မျက်ရည်ယိုဗုံးတွေ ဒရုန်းတွေသုံးတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။ 

ဂါဇာဒေသတွင် အဆိုပါနယ်မြေကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်မှာ မဆန်းသော်လည်း ယခုနှစ်မှာမူ အကဲဆတ်သည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးတို့၏ မြို့တော်အဖြစ် သတ်မှတ်ပြီး တဲလ်အဗစ်ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤဆုံးဖြတ်ချက်က ဂါဇာဒေသတွင်သာမက မွတ်ဆလင်ကမ္ဘာတွင်ပါ မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

F-01