News

POST TYPE

EDITOR PICK POST

ဘင်္ဂါလီများ နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် မနေရန် အသံချဲ့စက်ဖြင့် နေ့စဉ်သတိပေး
23-May-2018

ရန်ကုန်၊ မေ ၂၂

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး ယာယီတဲထိုးနေထိုင်သော ဘင်္ဂါလီ ၃၀၀၀ ကျော်ကို နေထိုင်ခြင်းမလုပ်ရန် အသံချဲ့စက်ဖြင့် နေ့စဉ်ရက်ဆက် သတိပေးနေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲမှူးကြီးသိန်းဝင်းက The Voice Daily သို့ ပြောကြားသည်။

“နှစ်နိုင်ငံ Border Line ထဲက မြန်မာဘက်ခြမ်းမှာ ယာယီတဲတွေ ထိုးနေတာ ခြောက်လလောက်ရှိပြီ။ ဒုက္ခသည်စခန်းလည်း မသွားကြဘူး။ မြန်မာပြည်က လက်ခံနေတဲ့အချိန်မှာ တရားဝင် လမ်းကြောင်းအတိုင်း ဝင်ဖို့ပြောတာပါ။ နှင်ထုတ်တာ လုံးဝမဟုတ်ဘူး။ အသံချဲ့စက်နဲ့ နေ့စဉ် နှစ်နာရီတစ်ကြိမ် နှိုးဆော်ပေးတယ်။ မြန်မာလိုရော ဘင်္ဂါလီဘာသာစကားနဲ့ပါ သတိပေးတာပေါ့”ဟု ၎င်းက ဆိုသည်။

ဘင်္ဂါလီများသည် မြန်မာဘက်ခြမ်းရှိ နှစ်နိုင်ငံနယ်စပ်မျဉ်း ဧရိယာအတွင်း နေထိုင်နေခြင်းဖြစ်ပြီး ထိုသို့သတိပေးနေခြင်းကို ယခုနှစ်မတ်လမှစတင်ခဲ့သော်လည်း နေထိုင်သူတိုးလာကာ လက်ရှိတွင် အိမ်ထောင်စု ၇၀၀၊ လူဦးရေ ၃၀၀၀ ကျော်ခန့်ရှိလာပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်သဘောတူ စာချုပ်အရ ထိုသို့ သတိပေးလှုံ့ဆော်နေခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်ကို ပြည်ထောင်စုအစိုးရအဆင့်က ဖြေရှင်းဆောင်ရွက်ရမည့် အခြေအနေဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ထံမှ သိရသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ယခုမေလလယ်က နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူးအဆင့် တွေ့ဆုံခဲ့ပြီး အာဆာအကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သူများ ရောနှောပါဝင်နေပါက ဘင်္ဂလားဒေ့ရှ်က တာဝန်ယူဖြေရှင်းရန် ကန့်ကွက်စာ ပေးပို့ထားကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ထံမှ သိရသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ရင်းမှူးကလည်း ၂၀၁၇ခုနှစ် ဩဂုတ်လ ဖြစ်စဉ်နောက်ပိုင်း၌ နေရပ်စွန့်ခွာသူများမှာ ယင်းနယ်စပ်မျဉ်းအတွင်း ဝင်ရောက်နေထိုင်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အနေနှင့် ထောက်ပံ့ပေးထားခြင်းမရှိဘဲ နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ကူညီပေးမှုဖြင့် ရပ်တည်နေခြင်းဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်အနေနှင့် ကန့်ကွက်၍မရကြောင်း ၎င်းက တုံ့ပြန်ပြောဆိုထားသည်။

“ကန့်သတ်ထားတဲ့ နယ်စပ်စည်းမျဉ်းမှာ အခြေချ နေထိုင်ခွင့်မရှိဘူး။ နေရပ်စွန့်ခွာသူကို တရားဝင် ပြန်လည်လက်ခံဖို့ စီစဉ်နေတဲ့ကြားက ဒါဟာနယ်စပ်ဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တာလို့မြင်တယ်”ဟု နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူး တွေ့ဆုံမှုတွင် လိုက်ပါခဲ့သူ အရာရှိတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

နယ်စပ်စည်းမျဉ်းဥပဒေအရ ယင်းသို့ နေထိုင်သူများကို အမြန်ဆုံးဖယ်ရှားရန် ဥပဒေအတိုင်း ဒုက္ခသည်စခန်းများသို့ ပြန်လည်ပြောင်းရွှေ့ဝင်ရောက်ပေးရန် သတိပေးလျက်ရှိကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ထံမှ သိရသည်။  

J-17

  • VIA