News

POST TYPE

EDITOR PICK POST

ခိုင်မာနေရမည့် နိုင်ငံ၏ ထောက်တိုင်များ
21-May-2018
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မတ်လမှာ ထုတ်ဝေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ 

၂၀၁၄ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေမှာ ကော်မရှင်ဖွဲ့စည်းရခြင်းရည်ရွယ်ချက် လေးချက်ကို အခန်း (၂) ပုဒ်မ (၃) မှာ ပြဋ္ဌာန်းထားပါတယ်။ အခန်း (၅) ပုဒ်မ (၂၄၊ က) မှာ ကော်မရှင်သည် မိမိ၏လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီးတော့လည်း အစီရင်ခံစာပြုစုခြင်း၊ ထုတ်ပြန်ခြင်း၊ နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြခြင်းများ ဆောင်ရွက်ရပါတယ်။ ဥပဒေအရဆိုပါက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ 

ကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ အပိုင်း (၁၀) ပိုင်းနဲ့ ဖော်ပြထားပါတယ်။ ယင်းဖော်ပြထားတဲ့ အပိုင်း (၁၀) ပိုင်းမှာ စိတ်ဝင်စားမိတဲ့အပိုင်းကတော့ အမှတ်စဉ် (၅) နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်များဆိုတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ဥပဒေအရလည်း ကော်မရှင်အနေနဲ့ နိုင်ငံတကာအဆင့် လူ့အခွင့်အရေးဆိုင်ရာယန္တရားများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခွင့် ရှိနေပါတယ်။ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင်အရေးကော်မရှင်အနေနဲ့ ရခိုင်ဒေသဖြစ်စဉ်များနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်များကို ချိန်ထိုးသုံးသပ်မိပါတယ်။

မြန်မာနိုင်ငံ ရခိုင်ဒေသ ဘင်္ဂါလီများအရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက် ခြောက်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကြေညာချက်အမှတ် (၄/၂၀၁၂)၊ ၂၀၁၄ ခုနှစ်မှာ ကြေညာချက်အမှတ် (၂/၂၀၁၄)၊ ၂၀၁၇ ခုနှစ်မှာ ကြေညာချက် အမှတ် (၉/၂၀၁၇) ၊ (၁၁/၂၀၁၇)၊ (၁၂/၂၀၁၇)၊ ၂၀၁၈ ခုနှစ်မှာ ကြေညာချက်အမှတ် (၁/၂၀၁၈) တို့ကို ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ဒေသဖြစ်စဉ် ဖြစ်ပွားရာနေရာများသို့လည်း သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ပြည်ပမှတိုင်တန်းချက်များအား ဆောင်ရွက်မှုများကိုလည်း ဖော်ပြထားပါတယ်။ ပြည်ပမှ တိုင်တန်းချက် ၃၅ စောင်ဖြစ်ပါတယ်။ ဖြေရှင်းဆောင်ရွက်ခဲ့မှုကိုလည်း တွေ့ရပါတယ်။ ဖြေရှင်းမှုကတော့ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအား ဖမ်းဆီးနှိပ်စက်နေသည်ဟု တိုင်တန်းချက်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ရာ ဝန်ကြီးဌာန၏ပြန်ကြားချက်ကို တိုင်တန်းချက်ပေးပို့ခဲ့သော နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သို့ ပြန်ကြားအသိပေးခဲ့ပါသည်ဟု ဖော်ပြထားတာ တွေ့ရပါတယ်။ ထိုသို့ဆိုလျှင် ဘင်္ဂါလီများအခွင့်အရေးကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝင်ရောက်ဆောင်ရွက်ပေးနေသည်ဆိုလျှင် မြန်မာတိုင်းရင်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်ပေးနေသနည်း။

ကော်မရှင်အနေနှင့် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး မြေပြင်သွားရောက်ကြည့်ရှုခြင်း၊ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းများကို လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သို့သော်လည်း မိမိတို့တိုင်းရင်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် နိုင်ငံတကာအထိရောက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ မြင်မိပါတယ်။ ရခိုင်အရေးနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အင်အားကြီးနိုင်ငံတွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြောင်း ပြင်းပြင်းထန်ထန် စွပ်စွဲနေကြသလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး ICC မှာ အရေးယူနိုင်ရေး တင်ပြခဲ့တာကိုလည်း အားလုံးသိပြီးဖြစ်ပါတယ်။ ၎င်းတို့ရဲ့စွပ်စွဲချက်များဟာ လိုရာဆွဲပြီး တစ်ဖက်သတ်စွပ်စွဲနေကြသလို မြန်မာတိုင်းရင်းသားများ အသတ်ခံရမှု၊ နှိပ်စက်ခံရမှု၊ တိုက်ခိုက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မျက်ကွယ်ပြုနေခဲ့ကြပါတယ်။ အမှန်တကယ်က မြန်မာတိုင်းရင်းသားတွေ မြန်မာ့မြေပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ကြရတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မေ ၁၄ ရက်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ တံခါးဖွင့်ရှင်းလင်းပွဲမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားရပ်တည်ချက်တွေကို တုံ့ပြန်ရှင်းလင်းခဲ့တာ ဖတ်ရပါတယ်။ သံအမတ်ကြီးရဲ့ရှင်းလင်းချက်မှာ ဖြစ်စဉ်အမှန်ဖုံးကွယ်ခံထားရတာတွေ၊ တစ်ဖက်သတ်စွပ်စွဲခံထားရတာတွေကို ထည့်သွင်းပြောကြားခဲ့တာ တွေ့ရပါတယ်။ သံအမတ်ကြီးဟာ အမိနိုင်ငံရဲ့ ရှေ့တန်းတိုက်စစ်မှူးပီသစွာနဲ့ ပြန်လည်ချေပ တိုက်စစ်ဆင်ပြောကြားခဲ့တာကို လေးစားချီးကျူးမိပါတယ်။

နိုင်ငံရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ ကော်မရှင်အနေနဲ့လည်း မိမိတို့ တိုင်းရင်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ၊ အကြမ်းဖက်ခံနေရမှုတွေ၊ လိင်စော်ကားခံနေရမှုတွေကို အကာအကွယ်ပေးဖို့၊ အဖြစ်မှန်များ နိုင်ငံတကာက သိရှိစေဖို့၊ မြန်မာနိုင်ငံအပေါ် စွပ်စွဲခံနေရမှုများဟာ တစ်ဖက်သတ်ဖြစ်နေတာတွေကို နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ လိုမယ်လို့ တိုက်တွန်းလိုပါတယ်။ ဖြစ်စဉ်ဒေသက စစ်ဆေးတွေ့ရှိချက်တွေကို ပြည်တွင်းမှာပဲ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက်နိုင်ပါဘူး။ အင်အားကြီးနိုင်ငံတွေ၊ ကမ္ဘာ့အင်အားကြီးအဖွဲ့အစည်းတွေဟာ တစ်ဖက်နိုင်ငံနဲ့ပူးပေါင်းပြီး လူ့အခွင့်အရေးအကြောင်းပြ စွပ်စွဲနေကြတာပါ။ ကော်မရှင်အနေနဲ့လည်း မိမိနိုင်ငံအပေါ် လူ့အခွင့်အရေးအကြောင်းပြ တစ်ဖက်သတ်စွပ်စွဲခံနေရမှု၊ မိမိနိုင်ငံသားတိုင်းရင်းသားများ လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှုတွေကို နိုင်ငံတကာအထိ ထိုးဖောက်အကာအကွယ်ပေးဖို့ လိုအပ်နေပါတယ်။ ဧပြီ ၂၇ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Human Rights Watch (HRW) ရဲ့ အမှုဆောင်ရိုက်တာ Mr.Kenneth Roth ရဲ့ပြောကြားချက်များဟာ ခြိမ်းခြောက်မှုလို့တောင် ဆိုနိုင်ပါတယ်။ ကော်မရှင်အနေနဲ့ နိုင်ငံသား တစ်ဦးချင်းရဲ့ လူ့အခွင့်အရေးသာမကပါဘူး နိုင်ငံတော်အဆင့်ထိဖြစ်လာတဲ့ လူ့အခွင့်အရေးဆိုင်ရာများမှာလည်း ဥပဒေနဲ့အညီ တုံ့ပြန်ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုလိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ အခန်း (၅) ပုဒ်မ (၂၂၊ ဆ) မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်အပါအဝင် အခြားအမျိုးသားအဆင့်၊ ဒေသ အဆင့်နှင့် နိုင်ငံတကာအဆင့် လူ့အခွင့်အရေးဆိုင်ရာယန္တရားများနှင့် သင့်လျော်သလို တိုင်ပင်ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလို့ ကော်မရှင်ရဲ့တာဝန်နှင့် လုပ်ပိုင်ခွင့်အခန်းမှာ ဖော်ပြထားပါတယ်။ သို့သော် မိမိတို့တိုင်းရင်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်လို တိုက်ရိုက်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့အကာအကွယ်ပေးမှုတွေ အားနည်းနေဆဲအခြေအနေလို့ ဆိုရမှာပါ။ ယနေ့အချိန်အထိလည်း မိမိတို့နိုင်ငံအပေါ် လူ့အခွင့်အရေးအကြောင်းပြ စွပ်စွဲပြောဆိုနေဆဲပဲ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေကို နိုင်ငံရဲ့ခိုင်မာတဲ့အင်စတီကျူးရှင်းအဖြစ် ဥပဒေလုပ်ပိုင်ခွင့်နဲ့အညီ နိုင်ငံသားများအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ရပ်တည်ပေးဖို့ တိုက်တွန်းလိုပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမြန်ဆန်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ဖို့ဆိုရင် နိုင်ငံရဲ့အင်စတီကျူးရှင်းတွေ ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း ရပ်တည်လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အထက်အမိန့်ရမှလုပ်ဆောင်တာ၊ မီဒီယာမှာဖော်ပြမှ လုပ်ဆောင်တာ၊ တိုင်စာရောက်မှ အရေးယူဆောင်ရွက် နေတာတွေဟာ အင်စတီကျူးရှင်းတွေ မခိုင်မာသေးဘူး၊ ဥပဒေမစိုးမိုးသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းတွေ များစွာရှိပါတယ်။ အစိုးရအဖွဲ့အစည်းများဟာ အရပ်ဘက်အဖွဲ့အစည်းများလို တုံ့ပြန်မှုမမြန်တတ်ပါဘူး။ ဥပဒေအရ မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ၊ ဥပဒေအရ မည်မျှပင်လုပ်ပိုင်ခွင့် ပေးထားစေကာမူ အထက်၏ညွန်ကြားချက်ရရှိမှသာ ဆောင်ရွက်လေ့ရှိသည့် အလေ့အထကို တွေ့ရပါတယ်။

အင်စတီကျူးရှင်းများဟာ နိုင်ငံရဲ့ ထောက်တိုင်များပါ။ နိုင်ငံရဲ့ နိုင်ငံရေးစနစ်တည်ငြိမ်ဖို့၊ စီးပွားရေးတည်ငြိမ်ဖို့စတဲ့ ကဏ္ဍပေါင်းစုံအပါအဝင် နိုင်ငံတော်ရဲ့မဏ္ဍိုင် ၃ ရပ် အားကောင်းဖို့ဆိုရင် နိုင်ငံရဲ့အင်စတီကျူးရှင်းတွေ ခိုင်မာနေဖို့ လိုပါလိမ့်မယ်။ နိုင်ငံတော်ရဲ့ တာဝန်ရှိသူအဆင့်ဆင့်ကလည်း အင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းဖို့ တွန်းအားပေးရန် လိုအပ်သလို အင်စတီကျူးရှင်းများကလည်း ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ လုပ်ကိုင်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ပြောင်းလဲပေမယ့် အင်စတီကျူးရှင်းတွေခိုင်မာနေရင် နိုင်ငံတည်ငြိမ်မှု ရှိနေမှာပါ။ အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေကို စနစ်တကျခိုင်မာလာအောင် တည်ဆောက်ပေးမယ်ဆိုရင် အစိုးရရဲ့ လုပ်ငန်းတာဝန်များလည်း သွက်လက်မြန်ဆန်လာပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အစိုးရ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ်ကိုင်ခွင့်မပေးတဲ့အတွက် နိုင်ငံရဲ့စွမ်းဆောင်ရည်ကို တုံ့နှေးစေနိုင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုများခြင်း သို့မဟုတ် အာဏာချုပ်ကိုင်မှုများခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ၊ အာဏာခွဲဝေကျင့် သုံးခြင်းနဲ့အညီ ဒီအဖွဲ့အစည်းများကို လွတ်လပ်စွာရှင်သန်ခွင့်ပြုဖို့၊ တာဝန်ယူ တာဝန်ခံနိုင်စေဖို့ လိုအပ်ပါလိမ့်မယ်။

အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း လုပ်ကိုင်ရမယ့်တာဝန်၊ ခံစားပိုင်ခွင့်၊ တာဝန်ယူမှု တာဝန်ခံမှုတွေကို တည်ဆဲဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ကြရပါလိမ့်မယ်။ တိုင်ကြားပါက အရေးယူပါမည်ဆိုခြင်းဟာ တာဝန်မယူသော၊ ဥပဒေနှင့်မညီသောလုပ်ဆောင်ချက်အဖြစ် သတ်မှတ်ရမှာပါ။ ဒါကြောင့် နိုင်ငံတော်ရဲ့ထောက်တိုင်များဖြစ်တဲ့ အင်စတီကျူးရှင်းများအနေနဲ့ နိုင်ငံတော်အကျိုး၊ နိုင်ငံသားများအကျိုးအတွက် ခိုင်ခိုင်မာမာရပ်တည်သင့်ပြီဖြစ်ပါကြောင်း အကြံပြုရေးသားအပ်ပါတယ်။

သိန်းထွန်း (IR)