POST TYPE

EDITOR PICK POST

မြောက်ဦးတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး လင်မယားကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဓားဖြင့်ခုတ်
17-May-2018

စစ်တွေ၊ မေ ၁၆

မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့ အိမ်အောက်တွင်အိပ်နေစဉ် မေလ ၁၆ ရက် မနက်အစောပိုင်းက ယခင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းက ဓားဖြင့်ခုတ်ခဲ့ကြောင်း ဓားခုတ်ခံရသူ၏ မိသားစုဝင်များက ပြောကြားသည်။

လက်ရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ကျော် (၅၃ နှစ်) ကို ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းအောင်ကျော်က ဓားဖြင့်ခုတ်စဉ် ဦးစိန်အောင်ကျော်၏ ဇနီးဒေါ်အေးအေးသန်း(၅၀ ခန့်) က အော်ဟစ်သဖြင့် ၎င်းကိုလည်း ဓားဖြင့်ခုတ်ခဲ့ကြောင်း ဦးစိန်အောင်ကျော်၏ အစ်ကို ဦးယိုင်ထွန်းဖြူက ပြောသည်။ 

ဓားဖြင့်ခုတ်ခံရသူ ဦးစိန်အောင်ကျော်၏ ပါးနှစ်ဖက်တွင် ပြတ်ရှဒဏ်ရာ ၃ ချက်၊ ဘယ်ဘက်လက် ဖမိုးပိုင်းဖြတ်ခံပြီး ၎င်း၏ဇနီး၏ ဘယ်ဘက် ပါးပြတ်ရှဒဏ်ရာ ၁ ချက်၊ ကျောတွင် ဓားဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်လက် ခုတ်ဖြတ်ခံရပြီး ညာဘက်လက် ဓားဒဏ်ရာများပြားစွာ ရရှိခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။

ဒဏ်ရာရသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လင်မယားကို ကျောက်တော်ဆေးရုံတွင် တင်ပို့ထားပြီးနောက် စစ်တွေဆေးရုံသို့ လွှဲပြောင်းကုသနေကြောင်း ဦးယိုင်ထွန်းဖြူက ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးစိန်အောင်ကျော်က ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ တာဝန်ထမ်းဆောင်နေပြီး ဓားဖြင့်ခုတ်သူ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ယခင်ရန်ငြိုးရန်စရှိကြောင်း၊ ယမန်နှစ်က ဦးထွန်းအောင်ကျော်က ဦးစိန်အောင်ကျော်ကို ဓားဖြင့် ခုတ်ရန်ကြံစဉ်သဖြင့် တရားစွဲမှုလည်းဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“အုပ်ချုပ်ရေးမှူးဟောင်း သိမ်းထားတဲ့ စားကျက်မြေကို ကျေးရွာသားတွေက ရွာတည်မယ်လို့တောင်းဆိုလို့ အခုအုပ်ချုပ်ရေးမှူးက ရွာတည်သင့် မတည်သင့် ကို မြို့နယ်သို့ အစီရင်ခံစာတင်ခဲ့တဲ့အတွက် ငြိုးနေတာတွေလည်း ရှိတယ်”ဟု မိသားစုဝင်များက ဆိုသည်။

အဆိုပါ ဓားခုတ်မှုနှင့်ပတ်သက်၍ ဦးထွန်းအောင်ကျော် (၅၄ နှစ်) ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၅၂/၃၂၆ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး ဖမ်းမိနိုင်ရန် ဆောက်ရွက်နေကြောင်း မြောက်ဦးမြို့မရဲစခန်းမှ သိရသည်။

R-22

  • VIA